စစ်ကောင်စီကို နိုင်ငံတကာဖိအား စုပေါင်းပေးဖို့ ကုလကိုယ်စားလှယ် တိုက်တွန်း
နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာပြည်သူတွေကို အရေးပေါ်ကူညီမှုတွေလုပ်ဖို့ အရေးတကြီး လိုအပ်နေပြီ ဖြစ်လို့ အရေးပေါ်ကူညီရေး နိုင်ငံတကာညွန့်ပေါင်းအဖွဲ့တခု အမြန်ဆုံးဖွဲ့စည်းဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews က မနေ့ကပဲ တိုက်တွန်းတောင်းဆိုလိုက်တဲ့ အကြောင်း ကုလသမဂ္ဂ ဂျီနီဗာရုံးက သတင်းထုတ်ပြန်ပါတယ်။
မြန်မာပြည်သူတွေအတွက် နိုင်ငံတကာရဲ့ ကူညီမှုတွေက ထိရောက်မှုမရှိဘဲ ဖြစ်နေပြီး အချိန်မနှောင်းခင်မှာ အမြန်ဆုံးကူညီဖို့ လိုအပ်နေတယ်လို့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က ဆွစ်ဇာလန် နိုင်ငံ၊ ဂျီနီဗာမြို့ ကုလသမဂ္ဂရုံးရဲ့ လူ့အခွင့်အရေးကောင်စီမှာ မနေ့က ပြောကြားခဲ့တာပါ။
မြန်မာစစ်တပ်ဟာ ပြည်သူတွေအပေါ် လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ ပြစ်မှုတွေကို လုပ်ဆောင်နေကြောင်း၊ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်နေကြောင်း၊ အခုဆိုရင် လူ ၉ဝဝလောက်ကို မြန်မာ စစ်တပ်က သတ်ဖြတ်ထားကြောင်း၊ ထောင်နဲ့သောင်းနဲ့ချီတဲ့ ပြည်သူတွေလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြ ရကြောင်း၊ နှိပ်စက်ညှဉ်းပန်းခံရတဲ့သူတွေလည်း အများအပြား ရှိကြောင်း၊ ဖမ်းဆီးခံရစဉ် ညှဉ်းပန်းနှိပ်စက်လို့ သေဆုံးရတဲ့သူတွေလည်း ရှိနေကြောင်း၊ ပျောက်ဆုံးနေသူတွေလည်း မရေတွက်နိုင်အောင်ဖြစ်နေကြောင်းနဲ့ ဖမ်းဆီးခံထားရတဲ့သူတွေလည်း ခြောက်ထောင်လောက်ရှိနေတယ်လို့ Tom Andrews ကပြောပါတယ်။
မြန်မာစစ်အုပ်စုဟာ တိုင်းပြည်ကို အာဏာသိမ်းခဲ့ပေမယ့် အခုချိန်ထိ နိုင်ငံနဲ့ပြည်သူတွေအပေါ် မထိန်းချုပ် နိုင်ဘဲ ဖြစ်နေတယ်လို့လည်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ထောက်ပြခဲ့ပါတယ်။ နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့ဖွဲ့ပြီး မြန်မာပြည်သူတွေကို ကူညီဖို့ အချက်ငါးချက်ပါတဲ့ အကြံပြုချက်ကိုလည်း သူက တင်ပြခဲ့ပါတယ်။
ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေအပါအဝင် မြန်မာစစ်အုပ်စုကို ပစ်မှတ်ထားပြီး အရေးယူ ပိတ်ဆို့တာ တွေ ပြင်းပြင်းထန်ထန် ဆက်ပြီးလုပ်ဆောင်ကြဖို့၊ မြန်မာစစ်အုပ်စုကို လက်နက်ရောင်းချမှုကို ပိတ်ပင်ဖို့၊ မြန်မာနိုင်ငံက လုံခြုံရေးဆိုင်ရာ အဆင့်မြင့် အရာရှိတွေကို စုံစမ်းစစ်ဆေးပြီး နိုင်ငံတကာမှာ အရေးယူနိုင်ဖို့၊ မြန်မာပြည်သူတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ထိထိရောက်ရောက်နဲ့ တိုက်ရိုက်ကူညီ နိုင်အောင် အမျိုးသားညီညွတ်ရေး အစိုးရ NUGနဲ့ တွဲပြီး လုပ်ဆောင်ဖို့နဲ့ စစ်ကောင်စီကို တရားဝင်မှုမရှိတဲ့ အဖွဲ့အစည်း ဖြစ်ကြောင်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအလိုက် ငြင်းပယ်ကြဖို့ စတဲ့ အချက်တွေကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က တိုက်တွန်းခဲ့ ပါတယ်။