မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေး

2021.11.08
မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေး ကုလသမဂ္ဂရဲ့ ကူညီမှုဆိုင်ရာအကြီးအကဲ Martin Griffiths ကို သြဂုတ်လက အီသီယိုးပီးယားနိုင်ငံခရီးစဉ်တစ်ခုမှာ တွေ့ရစဉ်။
Photo: Reuters

တစ်နေ့တခြား ပိုပြီးဆိုးလာနေတဲ့ မြန်မာနိုင်ငံအတွင်းက ပဋိပက္ခတွေနဲ့ စီးပွားရေး ကျဆင်းမှုတွေကြောင့် လူသုံးသန်းကျော်အတွက် အကူအညီတွေ သေရေးရှင်ရေး လိုအပ်နေတယ်လို့ ကုလသမဂ္ဂရဲ့ ကူညီမှုဆိုင်ရာ အကြီးအကဲ Martin Griffiths က မနေ့က သတိပေးလိုက်တဲ့အကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ မြန်မာနိုင်ငံက လူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေဟာ ဆိုးသထက်ဆိုးလာနေတယ်လို့လည်း ဆိုပါတယ်။

မနေ့က ၂ဝ၂ဝ ခုနှစ်ရွေးကောက်ပွဲ တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့မှာပဲ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး တံခါးပိတ်ဆွေးနွေးမှု လုပ်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို ဗြိတိန်နိုင်ငံရဲ့ မေတ္တာရပ်ခံချက်နဲ့ကျင်းပတာဖြစ်ပြီး မြန်မာနိုင်ငံအနောက်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ စစ်ရေးတိုးမြင့်မှုတွေအပေါ် အထူးစိုးရိမ်မှုတွေ ရှိနေပြီး ဒီလုပ်ရပ်တွေက လွန်ခဲ့တဲ့လေးနှစ် ရခိုင်ဒေသမှာ ရိုဟင်ဂျာတွေ ရက်ရက်စက်စက် ဖိနှိပ်ခံခဲ့ရတာတွေကို ပြန်မြင်ယောင်စေတယ်လို့ ဗြိတိန်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ လက်ထောက်သံအမတ်က သတင်းသမားတွေကို ပြောခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ ကူညီမှုဆိုင်ရာအကြီးအကဲ Martin Griffiths ကလည်း ချင်းပြည်နယ်အတွင်း တိုက်ခိုက်မှုတွေ မြင့်တက်လာနေတာ အလွန်အမင်း စိုးရိမ်စရာကောင်းနေတယ်လို့ပြောပါတယ်။ ချင်းပြည်နယ်မှာ လူနေ အိမ်တွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေး ရုံးတစ်ခုအပါအဝင် အဆောက်အဦး ၁၆ဝကျော် မီးရှို့ခံခဲ့ရပြီး ကလေးငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် လူပေါင်း သုံးသောင်း ခုနစ်ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့လည်း ကုလအကြီးအကဲက ပြောပါတယ်။

အရပ်သားပြည်တွေကို တိုက်ခိုက်မှု၊ လူသားချင်းစာနာမှုအကူအညီပေးသူတွေနဲ့ ရုံးတွေကို တိုက်ခိုက်မှု တွေဟာ နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ ဥပဒေက ကန့်ကွက်ထားတာဖြစ်တဲ့အတွက် ဒီလုပ်ရပ်တွေကို ချက်ချင်းရပ်ပစ်ရမယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။