မြန်မာပြည်တွင်း တိုက်ပွဲတွေ အရှိန်မြင့်လာမှာကို ကုလသမဂ္ဂ စိုးရိမ်
2024.12.13
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ပိုမိုပြင်းထန်လာတာနဲ့ အရပ်သားတွေ အိုးမဲ့အိမ်မဲ့ဖြစ်ရတဲ့အခြေအနေတွေအပေါ် အထူးစိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောကြားလိုက်ပါတယ်။
စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ အရှိန်မြင့်လာမှာကို အတွင်းရေးမှူးချုပ်က စိုးရိမ်နေတယ်လို့ သူ့ရဲ့ပြောခွင့်ရသူ စတက်ဖန် ဒူဂျာရစ်က (Stephane Dujarric) ပြောပါတယ်။
“အထွေထွေအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံက ပဋိပက္ခမှာ ပါဝင်နေသူများအားလုံးကို အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ ထပ်မံတိုက်တွန်းသလို လူသားချင်းစာနာမှု နည်းဥပဒေတွေအရ ပြည်သူများကို ကာကွယ်ဖို့ တာဝန်ရှိတယ်လို့ သတိပေးပါတယ်”
ရခိုင်ပြည်နယ်ကတိုက်ပွဲတွေကြောင့် အရပ်သားတွေထပ်ပြီး ဒုက္ခတွေကြုံတွေ့ရသလို အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူက ပြောသလို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
ဒီရက်ပိုင်းမှာ အာရက္ခတပ်တော် (AA) က မောင်တောကို အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပြီး တခြားဒေသတွေမှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နေတဲ့အတွက် စစ်ကောင်စီဟာ ဖိအားတွေပိုတိုးလာနေတယ်လို့ AFP က ရေးသားပါတယ်။