UNHCR နဲ့ UNDP တို့ကို ကန့်သတ်ထားတာမရှိဘူးလို့ပြော
2018.09.13

ကုလသမဂ္ဂအဖွဲ့အစည်းတွေဖြစ်တဲ့ UNHCR နဲ့ UNDP က တာဝန်ရှိသူတွေ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေကို ပထမဆုံးရောက်ရှိနေပြီး လိုအပ်တဲ့ စစ်တမ်းကောက်ယူချက်တွေကို လွတ်လပ်စွာမေးခွင့်ပြုထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီနေ့ RFA ကို ပြောပါတယ်။
ကုလအဖွဲ့အဖွဲ့အစည်းတွေအနေနဲ့ ဒီခရီးစဉ်အတွင်း ကောက်ယူလာတဲ့ စစ်တမ်းတွေကို အခြေခံပြီး နောက်ပိုင်းလုပ်ငန်းအစီစဉ်တွေကို ဆက်လက်ရေးဆွဲသွားမှာ ဖြစ်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်ဦးမြင့်သူ ကပြောပါတယ်။
“ UNDP နဲ့ UNHCR က ဆောင်ရွက်မယ့်အဖွဲ့ဟာ သူတို့လွတ်လွတ်လပ်လပ် ဆောင်ရွက်မှာဖြစ်ပါတယ်။ သူတို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို မေးမြန်းသွားမှာ ဖြစ်ပါတယ်။ တဖက်နိုင်ငံက ပြန်လည်ဝင်ရောက်လာတဲ့ သူတို့တွေနဲ့ သဟဇာတ ရှိရှိနေထိုင်နိုင်ဖို့နောက် သူတို့ရေရှည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အခွင့်အလမ်းတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ စစ်တမ်းကောက်ယူရာမှာ ရရှိလာတဲ့ အချက်တွေပေါ် မူတည်ပြီးနောက် လုပ်ငန်းအစီစဉ် Work Plan ရေးဆွဲသွားမှာ ဖြစ်ပါတယ်။”
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP က ပညာရှင်တွေပါဝင်တဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေက ကျေးရွာ ၂၃ ရွာကို စက်တင်ဘာလ ၁၂ ရက်နေ့ မနေ့က စတင်ပြီး ကွင်းဆင်းလေ့လာရေးခရီး ရောက်ေ ကြတာ ဖြစ်ပါတယ်။
မြန်မာအစိုးရဘက်က ခရီးစဉ်အတွင်း သူတို့ရဲ့ လုံခြုံရေးအတွက် ဆောင်ရွက်ပေးထားတယ်လို့လည်း ဦးမြင့်သူ ကပြောပါတယ်။
မကြာခင်ရက်ပိုင်းအတွင်း အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာကျင်းပမယ့် ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ ရခိုင်အရေးနဲ့ပတ်သက်ပြီး ဆွေးနွေးတဲ့အခါ ကုလသမဂ္ဂအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အစီစဉ်တွေကိုလည်း တင်ပြသွားဖို့ရှိတယ်လို့ ပြောပါတယ်။
ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေကို ICC တင်ဖို့ နိုင်ငံတကာက ဖိအားပေးဆွေးနွေးမှုတွေ လုပ်ဆောင်လာရင် မြန်မာအစိုးရအနေနဲ့ ကန့်ကွက်ဆွေးနွေးသွားမယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူ ကပြောပါတယ်။