မြန်မာပြည် ငြိမ်းချမ်းရေးဖော်ဆောင်ပေးဖို့ ကုလအတွင်းရေးမှူးချုပ် တောင်းဆို

RFA Burmese
2024.10.11
မြန်မာပြည် ငြိမ်းချမ်းရေးဖော်ဆောင်ပေးဖို့ ကုလအတွင်းရေးမှူးချုပ် တောင်းဆို လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင်ကျင်းပသော အရှေ့တောင်အာရှ ထိပ်သီးညီလာခံ အစည်းအဝေးကို တက်ရောက်သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်အား ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့က တွေ့ရစဥ်။
AFP

မြန်မာပြည်ပဋိပက္ခကို အားလုံးပါဝင်တဲ့ နိုင်ငံရေးနည်းနဲ့ အဖြေရှာပြီး မြန်မာပြည်သူတွေအတွက် ငြိမ်းချမ်းတဲ့အနာဂတ်ဖော်ဆောင်ပေးဖို့ အာဆီယံခေါင်းဆောင်တွေကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်က တိုက်တွန်းလိုက်ပါတယ်။

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ အောက်တိုဘာ ၁၁ ရက်နေ့က ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်က "မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းရေးကို လိုအပ်ပြီး ပဋိပက္ခကို နိုင်ငံရေးနည်းနဲ့ အဖြေရှာပြီး မြန်မာပြည်သူတွေ ထိုက်တန်တဲ့ ငြိမ်းချမ်းတဲ့ အနာဂတ်ကို ဆောင်ကြဉ်းပေးဖို့ နိုင်ငံတိုင်းကို တောင်းဆိုပါတယ်" လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် မြန်မာပြည်မှာ အကြမ်းဖက်မှုတွေ ကြီးထွားလာနေပြီး လူဦးရေ သုံးပုံ တစ်ပုံဟာ လူသားချင်းစာနာမှုအကူအညီတွေ တိုက်ရိုက်ရရှိဖို့ လိုအပ်နေကြောင်း၊ သန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအရေးကို ဖြေရှင်းနိုင်မဲ့နည်းလမ်းတွေ အလှမ်းဝေးနေဆဲဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ အရှေ့အာရှထိပ်သီးအစည်းအဝေးကို တက်ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က မြန်မာ့အရေးနဲ့ပတ်သက်တဲ့ အာဆီယံ မူငါးရပ်ကို သဘောတူထောက်ခံကြောင်းနဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး အားလုံးနဲ့တွေ့ဆုံဆွေးနွေးဖို့ စစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနက အောက်တိုဘာ ၁၁ ရက်နေ့က သတင်းထုတ်ပြန်ချက်အရ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က မြန်မာပြည်အရေး၊ အရှေ့နဲ့တောင်တရုတ်ပင်လယ်အရေး၊ ထိုင်ဝမ်ရေလက်ကြားတလျှောက် တည်ငြိမ်ရေး၊ အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုတွေ၊ ရုရှားရဲ့ကျူးကျော်စစ်အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာ စိန်ခေါ်မှုတွေ၊ ခြိမ်းခြောက်မှုတွေကို အရှေ့အာရှထိပ်သီးအစည်းအဝေးမှာ ဆွေးနွေးခဲ့ပါတယ်။

ဒီအာဆီယံထိပ်သီးအစည်းအဝေးကို မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုး တက်ရောက်နေပြီး ဒါဟာ မြန်မာနိုင်ငံက အဆင့်မြင့်ကိုယ်စားလှယ်တစ်ဦးကို သုံးနှစ်ကျော်အတွင်း ပထမဆုံးအကြိမ် စေလွှတ်တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။