ရခိုင်ပြည်နယ် ပဋိပက္ခ အဆုံးသတ်ဖို့ ကုလအတွင်းရေးမှူးချုပ် ပန်ကြား
2017.09.06
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်မှုတွေကြောင့် ဒေသတွင်းမှာပါ မတည်မငြိမ်တွေ ဖြစ်လာနိုင် တဲ့အတွက်၊ မြန်မာအာဏာပိုင်တွေအနေနဲ့ ဒီအခြေအနေကို အဆုံးသတ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂတ်တရက်စ် က ပန်ကြားလိုက်ပါတယ်။
သူရဲ့ စိုးရိမ်မှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရးကောင်စီကို စာပေးပို့ထားသလို၊ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက် ဆောင်ရွက်ရမယ့် အဆင့်တွေကိုလည်း အဆိုပြု ထားတယ်လို့ သတင်းထောက်တွေ ကို ပြောကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကြောင့် ပြီးခဲ့တဲ့ ၁၁ ရက်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြ သူပေါင်း တသိန်းနှစ်သောင်းငါးထောင် နီးပါးရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ရခိုင်ပြည်နယ်ပဋိပက္ခတွေစတင်ခဲ့စဉ်က ထွက်ပြေးလာခဲ့သူတွေကို အဝင်မခံ ပြန် လွှတ်ခဲ့ပေမဲ့၊ နောက်ပိုင်းမှာ လက်လျှော့လိုက်ရပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ အရင်ကတည်းကရှိနေတဲ့ ဒုက္ခသည်စခန်းတွေထဲမှာ လူ ၄ သိန်းလောက်ရှိနေတာမို့၊ အခု အသစ်ဝင်လာသူတွေကြောင့် ဝန်ထုပ်ဝန်ပိုး ပိုမိုဖိစီးးလာမှာကို စိုးရိမ်မိကြောင်း ဝန်ကြီးချုပ် ရှိတ် ဟာဆီနာ က ပြောပါတယ်။ အခုအခါ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ် မြစ်ဝကျွန်းပေါ်ဒေသမှာ လွန်ခဲ့တဲ့ ၁၁ နှစ် က ပေါ်ထွန်းလာခဲ့တဲ့ သင်ဂါချာ ခေါ် ကျွန်းပေါ်မှာ နေရာချထားဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက စဉ်းစားနေတယ်လို့ သိရပါတယ်။ အဲဒီကျွန်းမှာ အဆောက်အဦနဲ့ လမ်းတွေမရှိဘဲ မိုးတွင်းကာလမှာ ရေလွှမ်းလေ့ရှိတယ်လို့ ဆိုပါတယ်။
ဘင်္ဂလာဒေ့ရှ်ရဲ့ ဝန်ထုပ်ဝန်ပိုး လျော့ပါးသက်သာအောင် လူသားချင်းစာနာတဲ့ အကူအညီတွေပေးမယ်လို့ အင်ဒိုနီးရှားက ပြောပါတယ်။ တူရကီနိုင်ငံက ရခိုင်ပြည်နယ်တွင်းကို ထောက်ပံ့ကူညီရေးတွေ ဒီနေ့ စတင်တော့မှာဖြစ်ပါတယ်။
မလေးရှား နိုင်ငံခြာရေးဝန်ကြီးဌာနကတော့ မြန်မာသံအမတ်ကြီး ဦးစိန်ဦးကို ဆင့်ခေါ်ပြီး၊ ရခိုင်ပြည် နယ် ပြဿနာကြောင့် ဒေသတွင်းမှာ အရှေ့တောင်အာရှနိုင်ငံတွေထဲကို ဒုက္ခသည်တွေ အများအပြား ဝင်ရောက်လာပြီး၊ ဒေသတွင်း ပြဿနာပေါ်ပေါက်လာမှာ စိုးရိမ်ရကြောင်းပြောဆိုခဲ့တယ်လို့ AFP သတင်း က ဖေါ်ပြပါတယ်။
ဒီအတွင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက အစ္စရေးအစိုးရကို မြန်မာစစ်တပ်ဆီ လက်နက်တွေ ရောင်း ချနေတာရပ်ဆိုင်းဖို့ အစ္စရေး တရားရုံးချုပ်ကို လျှောက်ထားတောင်းဆိုခဲ့ကြပေမဲ့၊ အစ္စရေး ကာကွယ်ရေးဝန်ကြီးက ဒါဟာ သံရေးတမန်ရေးကိစ္စသာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
ဒီအတွင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးကွန်ရက် BHNR အမည်ရှိ အဖွဲ့က မြန်မာနိုင်ငံမှာ အစ္စလမ်ဘာသာဝင်တွေ ခွဲခြားဖိနှိပ်ခံနေရပုံ ဆိုတဲ့ခေါင်းစဉ်နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ စာတမ်းတစောင် မနေ့က ဖတ်ခဲ့ပါတယ်။
အဲဒီစာတမ်းမှာ မွတ်စလင်တွေ မှတ်ပုံတင်ရရှိဖို့ခက်ခဲပုံ၊ ပဋိပက္ခတွေအတွင်း ပျက်စီးခဲ့ရတဲ့ ဗလီတွေ ပြန်လည် တည်ဆောက်ရေးကို အာဏာပိုင်တွေက ပိတ်ပင်တားဆီးထားပုံ၊ ပဋိပက္ခကြောင့် နေရာရွှေ့ပြောင်းရတဲ့ မွတ်စလင်တွေ ပညာရေး ကျန်းမာရေး အခက်အခဲကြုံတွေ့ရပုံ၊ စတာတွေ ပါဝင်ကြောင်း သိရပါတယ်။