အကြမ်းဖက်တာတွေ ချက်ချင်းရပ်ဖို့ လုံခြုံရေးကောင်စီတိုက်တွန်း

RFA Burmese
2024.02.05
အကြမ်းဖက်တာတွေ ချက်ချင်းရပ်ဖို့ လုံခြုံရေးကောင်စီတိုက်တွန်း ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲအပြီး ကျင်းပသည့် သတင်းစာရှင်းလင်းပွဲမြင်ကွင်း။
Photo: UN

မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ချက်ချင်းရပ်ပြီး၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာအကောင်အထည်ဖော်ဖို့ အဖွဲ့ဝင်နိုင်ငံတချို့က ထပ်မံတိုက်တွန်းလိုက်ပါတယ်။

အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံနဲ့ အလှည့်ကျအဖွဲ့ဝင် ၁ဝ နိုင်ငံရှိတဲ့ လုံခြုံရေးကောင်စီအစည်းအဝေးအတွင်း မြန်မာ့အရေး ဖေဖော်ဝါရီလ ၅ ရက်နေ့က တံခါးပိတ်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

အမြဲတမ်း အဖွဲ့ဝင်တွေဖြစ်တဲ့ ဗြိတိန်၊ အမေရိကန်၊ ပြင်သစ်နဲ့ အလှည့်ကျ အဖွဲ့ဝင်ခြောက်နိုင်ငံပေါင်းပြီး ဆွေးနွေးပွဲအပြီး ကြေညာချက်ထုတ်ခဲ့တာပါ။ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ရုရှားနဲ့ ကျန်တဲ့အလှည့်ကျအဖွဲ့ဝင် လေးနိုင်ငံကတော့ ကြေညာချက်ထုတ်တဲ့အထဲမှာ မပါပါဘူး။

မြန်မာစစ်တပ်ဟာ လေကြောင်းသုံးပြီး အရပ်သားပြည်သူတွေကို ဆက်လက်တိုက်ခိုက်လျှက်ရှိကြောင်း၊ စစ်တပ်အာဏာသိမ်း သုံးနှစ်ကြာလာပြီဖြစ်ပြီး လူပေါင်း ၁၈ သန်းလောက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီတွေ လိုနေကြောင်းနဲ့ တိုင်းပြည်တွင်း အခြေအနေဟာဆိုးရွားနေဆဲဖြစ်ကြောင်း ကြေညာချက်မှာ ပြောဆိုထားပါတယ်။

ကုလလုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက် ၂၆၆၉ မှာ ပါတဲ့အတိုင်း အကြမ်းဖက်မှုအားလုံးကို ရပ်တန့်ဖို့၊ သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထားသူတွေအားလုံးကို ပြန်လွှတ်ဖို့၊ မြန်မာပြည်သူတွေရဲ့ စိတ်ဆန္ဒနဲ့ လွတ်လပ်မှု အခြေခံအခွင့်အရေးတွေကို သက်ဆိုင်သူအားလုံးက လိုက်နာဖို့ ထပ်မံတောင်းဆိုထားပါတယ်။

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မြန်မာစစ်တပ်က အခုထက်ထိ လိုက်နာဆောင်ရွက်တာ မရှိသေးတဲ့အပေါ် အထူးစိုးရိမ်ကြောင်းလည်း ပြောထားပါတယ်။

ဒီကနေ့ တံခါးပိတ်အစည်းအဝေးကို အာဆီယံကခန့်အပ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်လည်း တက်ရောက်ခဲ့ပါတယ်။ မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ထောက်ခံကြောင်းနဲ့ အပြည့်အဝ ပံ့ပိုးပေးသွားမှာ ဖြစ်ကြောင်းလည်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီအနေနဲ့ အာဆီယံဘုံသဘောတူညီချက်တွေကို လိုက်နာအကောင်အထည်ဖော်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အနေနဲ့လည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အမြန်ဆုံးပြန်ခန့်အပ်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ မြန်မာပြည်သူတွေရဲ့ အသက်ကို အမြန်ဆုံးကယ်တင်ဖို့ လုံခြုံရေးကောင်စီကနေ ထိရောက်တဲ့ဆုံးဖြတ်ချက်သစ်တစ်ရပ် ချပေးဖို့ တိုက်တွန်းကြောင်း သတင်းထောက်တွေကို ဒီနေ့ပြောပါတယ်။

တံခါးပိတ်အစည်းအဝေး ကျင်းပတဲ့နေ့မှာပဲ စစ်ကောင်စီဟာ ကရင်နီဒေသက ကျောင်းတစ်ကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေ သေဆုံးခဲ့ရကြောင်းနဲ့ နိုင်ငံတကာရဲ့အကူအညီတွေရဖို့ မြန်မာပြည်သူတွေ ဘယ်လောက်သေပေးရဦးမလဲ၊ ဘယ်လောက်ဆက်ဒုက္ခတွေ ခံစားပေးရဦးမလဲလို့ မေးခွန်းထုတ်ချင်ကြောင်း ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။