လုံခြုံရေးကောင်စီ ထုတ်ပြန်ချက် ပြင်သစ်ကြိုဆို
2017.11.07

ကုလသမဂ္ဂလုံခြုံရေးကောင်စီက တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကြေညာချက်ကို ပြင်သစ်နိုင်ငံ က အင်္ဂါနေ့ မနေ့က ထောက်ခံလိုက်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင် ၆ သိန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထွက်ပြေးခဲ့ရမှုနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအပေါ် ပြင်းထန်စွာ ဝေဖန်ရှုတ်ချတဲ့ အဲဒီ ကြေညာချက်ကို ပြင်သစ်နဲ့ ဗြိတိန်က ကမကထပြုပြီး လုံခြုံရေးကောင်စီ တင်ပြခဲ့တာပါ။
ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒုက္ခသည်တွေ မိမိဆန္ဒအလျှောက် နေရပ်ပြန်လာနိုင်ရေး၊ သူတို့ကို လူသား ချင်းစာနာမှုအကူအညီတွေ ပေးပို့ခွင့်ပြုရေး၊ လူ့အခွင့်အရေးချိုးဖေါက်သူတွေကို အရေးယူရေးနဲ့ ကိုဖီအာနန် ဦးဆောင်အဖွဲ့ရဲ့ အစီရင်ခံစာပါအချက်တွေကို အကောင်အထည်ဖေါ်ရေး စသဖြင့် ပါဝင်တဲ့ ကြေညာချက်ကို လုံခြုံရေးကောင်စီက အခုလို ထုတ်ပြန်နိုင်ခဲ့တာဟာ မြန်မာနိုင်ငံကို နိုင်ငံတကာအသိုင်းအဝန်း က ပြတ်သား ခိုင်မာစွာ အသိပေးလိုက်တာဖြစ်ကြောင်း ပြောပါတယ်။
ဒါ့အပြင် နိုဝင်္ဘာ ၆ ရက်နေ့က ထုတ်ပြန်ချက်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေနဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို ရက်ပေါင်း ၃ဝ အတွင်း လုံခြုံရေးကောင်စီတင်ပြရမယ်ဆိုတဲ့ အချက်လည်းပါဝင်ကြောင်းနဲ့ ဒါဟာ ရခိုင်ပြည်နယ် ပဋိပက္ခ အဖြေရှာရေးအတွက် နိုင်ငံတကာ အသိုင်းအဝန်းရဲ့ ထင်ရှားတဲ့ တိုးတက်လုပ်ဆောင်မှု တရပ်ဖြစ်ကြောင်း ပြင်သစ်အစိုးရက ပြောပါတယ်။