ကုလလုံခြုံရေးကောင်စီ ဦးဆောင်ပြီး စစ်ကောင်စီကို ထိရောက်စွာအရေးယူဖို့ ဦးကျော်မိုးထွန်း တောင်းဆို
2024.10.12

မြန်မာအာဏာသိမ်းစစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ အဆုံးသတ်ဖို့ လုံခြုံရေးကောင်စီက ဦးဆောင်ပြီး နည်းလမ်းအားလုံးသုံး ဆောင်ရွက်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။
အောက်တိုဘာ ၁၀ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပတဲ့ (၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ မိန့်ခွန်းပြောကြားရာမှာ သံအမတ်ကြီးက တောင်းဆိုလိုက်တာပါ။
နိုင်ငံတကာအသိုက်အဝန်းနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတို့ဟာ မြန်မာပြည်သူတွေကို ထိထိရောက်ရောက် ကာကွယ်ပေးဖို့ ကြိမ်ဖန်များစွာ ပျက်ကွက်ခဲ့တာကြောင့် ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှုတွေလုပ်နေတဲ့ မြန်မာစစ်တပ်ကို ဆက်ပြီး ချိုးဖောက်ခွင့်ပြုထားသလို ဖြစ်နေတယ်လို့လည်း ဦးကျော်မိုးထွန်းက ဆိုပါတယ်။
ဒါကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အကြမ်းဖက်စစ်တပ်ကို ထိရောက်တဲ့ အရေးယူမှုတွေ အရှိန်မြှင့်လုပ်ဆောင်ဖို့လည်း သံအမတ်ကြီးက တိုက်တွန်းခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို အရေးယူမှုတွေ ပျက်ကွက်နေတဲ့အတွက် မြန်မာမှာ စစ်အာဏာသိမ်းပြီးနောက် လူပေါင်း ၅,၇၀၀ ကျော် သေဆုံးခဲ့ရပြီး ၃ ဒဿမ ၄ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေသလို ၁၈ ဒဿမ ၆ သန်းကျော်ဟာလည်း လူသားချင်းစာနာမှုအကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ သူက ဆိုပါတယ်။
ဒီထဲမှာ အများစုက အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဖြစ်ကြပြီး ကလေးငယ်တွေဟာ ယာယီတဲတွေနဲ့ ဗုံးခိုကျင်းတွေမှာ ပညာသင်ကြားနေကြရကြောင်း၊ စစ်ကောင်စီဟာ နေ့စဉ် စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဈေးတွေနဲ့ စစ်ရှောင်စခန်းတွေကို ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေကြောင်းလည်း ပြောပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီဟာ လွှတ်တော်တွေ၊ သမ္မတအိမ်တော်တွေနဲ့ မထိုက်တန်ဘဲ နိုင်ငံတကာရာဇဝတ်တရားရုံးတွေနဲ့ ခုံရုံးတွေရှေ့မှာ အပြစ်သားတွေအဖြစ်သာ ရှိသင့်တယ်လို့လည်း ဦးကျော်မိုးထွန်းက ပြောခဲ့ပါတယ်။
ဒီလို ရာဇဝတ်သားတွေကို မသမာတဲ့ ရွေးကောက်ပွဲတွေကတဆင့် ခေါင်းဆောင်တွေအဖြစ် လှည့်ဖြားခွင့်ပြုတာဟာ လူသားဆန်မှု၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရဲ့ အခြေခံအုတ်မြစ်တွေကို ပြက်ရယ်ပြုတာပဲ ဖြစ်တယ်လို့လည်း သံအမတ်ကြီးက နိုင်ငံတကာကို ပြောကြားခဲ့ပါတယ်။