ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်ကို ကွပ်မျက်မိန့် ကုလသမဂ္ဂဝေဖန်

2022.06.04
ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်ကို ကွပ်မျက်မိန့် ကုလသမဂ္ဂဝေဖန် နယူးယောက်မြို့ ကုလသမဂ္ဂသတင်းစာရှင်းလင်းပွဲ (ဇွန် ၃၊ ၂ဝ၂၂)
The United Nation

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို သေဒဏ်ချမှတ်ပြီး ကွပ်မျက်မယ့် စစ်ကောင်စီရဲ့ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂက ဝေဖန်လိုက်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် သေဒဏ်ပေးခံထားရသူ ၄ ဦးကို ကွပ်မျက်မယ်လို့ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်း က မနေ့က ပြောလိုက်တာပါ။

အဲ့လိုပြောပြီး နာရီပိုင်းအကြာမှာပဲ စစ်ကောင်စီရဲ့ဒီဆုံးဖြတ်ချက်ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၃ အရ လူတစ်ဦးရဲ့ အသက်ရှင်ခွင့်၊ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှု ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က နယူးယောက်မြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

တရားဥပဒေရှေ့မှောက် စီရင်ချက်မချခင်မှာ အပြစ်ကင်းသူအဖြစ် သတ်မှတ်ပြီး လွတ်လပ်ပြီး ဘက်မလိုက်တဲ့ တရားခွင်မှာ အများပြည်သူရှေ့ကြားနာခွင့်နဲ့ ခုခံချေပခွင့်အတွက် လိုအပ်တဲ့ အာမခံချက်အားလုံး ရရှိဖို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းမှာ ပြဋ္ဌာန်းထားတယ်လို့လည်း ဆိုပါတယ်။

သေဒဏ်စီရင်ချက်ဟာ ဘဝရှင်သန်ခွင့်ကို မလေးစားတဲ့ လုပ်ရပ်မို့ ပယ်ဖျက်ဖို့နဲ့၊ အခြေခံလွတ်လပ်ခွင့်နဲ့ ရပိုင်ခွင့်တွေကို တောင်းဆိုခဲ့လို့ တရားစွဲခံထားရတဲ့ အမှုတွေအားလုံးကို ပြန်ရုပ်သိမ်းပြီး၊ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ကိုလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုခဲ့ပါတယ်။

ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို ၂ဝ၂၁ နှစ်ကုန်ပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် အကြမ်းဖက်မှုပုဒ်မတွေနဲ့ စွပ်စွဲပြီး စစ်ခုံရုံးကနေ ဒီနှစ် ဇန်နဝါရီလထဲမှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။

ဒီအမိန့်နဲ့ပတ်သက်ပြီး နောက်ဆုံးအဆင့် အယူခံတွေကို ပလပ်လိုက်ပြီးဖြစ်တာကြောင့် ကွပ်မျက်ဖို့ ဆက်ပြီး ဆောင်ရွက်မယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ပြောဆိုလိုက်တာဖြစ်ပါတယ်။

၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ၂ဝ၂၂ ဇွန်လ ၃ ရက်နေ့အထိ ဖမ်းဆီးခံထားရသူ ၁ဝ၉ဝ၃ ဦးရှိပြီး၊ အဲ့ဒီထဲက ၁၁ဝဝ ဟာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ထောင်ချခံရပြီးသားသူတွေထဲကမှ ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၇၃ ယောက်ကို စစ်ကောင်စီက သေဒဏ်ချမှတ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPPB) က စာရင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။