မောင်တောဒေသ သွားခွင့်ပေးဖို့ ကုလတိုက်တွန်း
2016.11.18

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ရခိုင်ပြည်နယ် မောင်တောဒေသမှာ ဒုက္ခရောက်နေ တဲ့ အရပ်သား ၁ သိန်းခွဲထံကို လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ အမြန်ဆုံး သွားရောက်ထောက်ပံ့ ခွင့်ပေးဖို့ မြန်မာအစိုးရကို နိုဝင်ဘာ ၁၈ ရက်နေ့ မနေ့က တိုက်တွန်းလိုက်ပါတယ်။
ဂျနီဗာမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ UNHCR ပြောခွင့်ရသူ Adrian Edwards အက်ဒရီယန် အက်ဒ်ဝဒ်စ် က မြန်မာအစိုးရကို တရားဥပဒေစိုးမိုးရေးနဲ့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတခုက လိုက်နာရမယ့် နိုင်ငံတကာ ကတိကဝတ်တွေနဲ့အညီ ပြည်သူတရပ်လုံးကို အကာ အကွယ်ပေးဖို့နဲ့ သူတို့ရဲ့ ဂုဏ်သိက္ခာတွေကို လေးစားဖို့ မိမိတို့ တိုက်တွန်းနေကြောင်း ပြောကြား ပါတယ်။
ဒါ့အပြင် UNHCR က ဘင်္ဂလားဒေ့ရှ်အစိုးရကိုလည်း မောင်တောဒေသကနေ သူတို့နိုင်ငံ ထွက်ပြေးလာတဲ့ အရပ်သားဒုက္ခသည်တွေကို နယ်စပ်ဖွင့်ပေးပြီး လက်ခံစောင့်ရှောက်ဖို့ တိုက်တွန်းနေတယ်လို့ သိရပါတယ်။ မြန် မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီ ကလည်း မောင်တောဒေသကို မကြာခင်က သွားရောက်ခဲ့တဲ့ နိုင်ငံတကာ ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်ကနေ အကျိုးဖြစ်ထွန်းမှုမဆိုသလောက်ပဲ ရှိခဲ့ကြောင်း နဲ့ အဲဒီဒေသက ယိုယွင်းပျက် စီးနေတဲ့ လူအခွင့်အရေးအခြေအနေတွေကို အလျှင်အမြန် ကိုင်တွယ် ဖြေရှင်း ဖို့ တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် ယန်ဟီးလီက မောင်တောမြို့နယ် ကို နိုင်ငံတကာအဖွဲ့ သွားရောက် စဉ်က သူတို့ရဲ့ ဒုက္ခဆင်းရဲတွေလာရောက်တင်ပြခဲ့တဲ့ ဒေသခံတွေကို အာဏာပိုင်တွေက လက်တုန့်ပြန် အရေးယူမှုတွေပြု လုပ်ခဲ့တယ် ဆိုတဲ့သတင်းတွေ မိမိရရှိနေကြောင်း၊ ဒါ့ပေမယ့် အတည်ပြုလို့တော့ မရသေးကြောင်း၊ နိုင်ငံတကာ သံတမန်အဖွဲ့ ပြန်သွားပြီးနောက်ပိုင်းမှာ အစိုးရက စစ်ဆင်ရေးတွေကို အရှိန်တိုးမြှင့်ခဲ့ကြောင်းနဲ့ အဲဒီဒေသ မှာရှိတဲ့ မြေပြင်တပ်ဖွဲ့တွေကို ရဟတ်ယာဉ်တွေကနေ စက်သေနတ်နဲ့ ပစ်ခတ်ပြီး စစ်ကူပေးခဲ့တယ်လ့ို မြန်မာအစိုးရ က အခုဝန်ခံခဲ့ပြီးဖြစ်ကြောင်းလည်း ပြောပါတယ်။
တဆက်တည်းမှာပဲ ယန်ဟီးလီ က အခုဖြစ်ပွားနေတဲ့ မောင်တောမြို့နယ်က ပဋိပက္ခနဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေနဲ့အညီ ဖြေရှင်းမယ်လို့ မကြာခင်က ပြောကြား ခဲ့ပေမယ့် လူ့အခွင့်ရေးချိုးဖေါက်မှုတွေဖြစ်ပွားနေတယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး သိသာ ထင်ရှားတဲ့ အရေးယူမှုကို မိမိ မမြင်ရသေးကြောင်းလည်းပြောပါတယ်။
တပြိုင်နက်မှာပဲ OCHA ခေါ် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနိုင်းဆောင်ရွက်ရေး အဖွဲ့ကလည်း ရခိုင်ပြည်နယ်မှာ အောက်တိုဘာ ၉ ရက် ဖြစ်ပွား ခဲ့တဲ့တိုက်ပွဲတွေနောက်ပိုင်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ အရေအတွက် ၃ သောင်းခန့်အထိ ရှိနိုင်ကြောင်း မနေ့က ပြောကြားပါတယ်။
ဒီအတောအတွင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ဒုဗိုလ်မှူးကြီး တစ်ဦးက မြန်မာနိုင်ငံကနေ ထွက်ပြေး လာတဲ့ ရိုဟင်ဂျာမွတ်စလင် ၈၂ ဦးကို သူတို့ မနေ့က ပြန်နှင်ထုတ်လိုက်ကြောင်း၊ ဒါပေမယ့် အစားအစာနဲ့ ဆေး ဝါးတွေပေးလိုက်ကြောင်း ပြောဆိုတယ်လို့ ရန်ကုန်ကလာတဲ့ ရိုက်တာ သတင်းမှာ ဖေါ်ပြ ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့နဲ့ စစ်တွေက လာတဲ့ တခြား ရိုက်တာ သတင်း တပုဒ်မှာတော့ မောင်တောဒေသမှာ အစိုးရက လူ ၁၁၆ ဦးကို အရံရဲတပ်ဖွဲ့ဝင်သစ်တွေအဖြစ် အခု စစ်ရေးလေ့ကျင့်ပေးနေကြောင်း၊ အဲဒီ သင်တန်းဟာ ပုံမှန်ရဲသင်တန်းတွေထက် ၂ လခန့် လျှော့နည်းကြောင်း၊ သင်တန်းကို တက်နေတဲ့ ရခိုင်တိုင်းရင်းသား အဌားယဉ်မောင်းသမားဟောင်း တစ်ဦးက မွတ်စလင်တွေရန်က ကာကွယ်ရမယ်လို့ ပြောကြားကြောင်း ဖေါ်ပြ ထားပါတယ်။
ဒီအတောအတွင်းမှာပဲ နေပြည်တော်မှာ မနေ့က ပြုလုပ်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အစည်းအဝေး မှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ရခိုင်ပြည်နယ်မှာ အစိုးရက ဒေသန္တရ ရဲတပ်ဖွဲ့ ဖွဲ့စည်းနေတယ်ဆိုတဲ့ သတင်းဟာ မဟုတ်မမှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။