ရခိုင်မြောက်ပိုင်းက ထိန်းသိမ်းခံထားရသူများ ကုလ စိုးရိမ်
2019.05.13
ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာက စာသင်ကျောင်းတစ်ကျောင်းမှာ ထိန်းသိမ်းခံနေရတဲ့ ရခိုင်တိုင်းရင်းသား ကလေး လူကြီး စုစုပေါင်း ၄၀ - ၅၀ ဝန်းကျင် အတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီးရုံး ပြောခွင့်ရသူက မေလ ၁၀ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
မေလ ၂ ရက်နေ့က အဲဒီထိန်းသိမ်းထားသူ ကလေး လူကြီး စုစုပေါင်း ၂၇၅ ဦးကို မြန်မာ့တပ်မတော်က ပစ်ခတ်ခဲ့ရာမှာ ခြောက်ဦး သေဆုံးခဲ့ပြီး၊ ရှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ လက်နက်လုယူဖို့ ကြိုးစားခဲ့လို့ ပစ်ခတ်ရတာဖြစ်ကြောင်း တပ်မတော်က ပြောပေမယ့် တခြား သတင်းရင်းမြစ်တွေကတော့ ထိန်းသိမ်းခံထားသူတစ်ဦးက ထွက်ပြေးဖို့ ကြိုးစားရာမှာ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အခုအခါ စာသင်ကျောင်းမှာ လူ ၅၀ လောက် ကျန်နေသေးပြီး၊ ဘယ်သူနဲ့မှ တွေ့ခွင့်မရတဲ့အတွက် စိုးရိမ်ကြောင်း၊ ဒါ့ပြင် AA နဲ့ အဆက်အသွယ်ရှိသူတွေအဖြစ် ဝန်ခံခဲ့သူ ခြောက်ဦးကို အင်္ဂါနေ့ညက မျက်နှာအဝတ်စည်းပြီး၊ ရေတပ် ရေယာဉ်တစ်စီးနဲ့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ကြေညာချက်မှာ ဖော်ပြပါတယ်။
ရခိုင်ပြည်နယ်က လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်ပြီး ထင်သလို သတ်ဖြတ်တာ၊ အဆက်အသွယ်ဖြတ် ထိန်းသိမ်းထားတာ၊ စာသင်ကျောင်းကို စစ်ရေးအတွက် အသုံးပြုနေတာတွေအတွက် အထူးစိုးရိမ်မိကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။