ရိုဟင်ဂျာပြန်ပို့ရန် အိန္ဒိယ စီစဉ်မှု ကုလ စိုးရိမ်
2018.10.02

ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံ ပြန်ပို့ဖို့ စီစဉ်နေတဲ့အတွက် စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ ဥပဒေရေးရာ အရာရှိတဦးက အင်္ဂါနေ့မှာ ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။
အိန္ဒိယနိုင်ငံကို တရားမဝင် ဝင်ရောက်ခဲ့တဲ့အတွက် ဖမ်းဆီးပြီး အာသံပြည်နယ်မှာ လက်ရှိ အကျဉ်းချထားတဲ့ အဲဒီမွတ်စလင်တွေကို ဒီကနေ့ အောက်တိုဘာလ ၃ ရက်နေ့မှာ မြန်မာနိုင်ငံ ပြန်ပို့ဖို့ စီစဉ်နေတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အသားအရောင်ခွဲခြားဆက်ဆံမှုဆိုင်ရာ အထူးကိုယ်စားလှယ် Tendayi Achiume တင်ဒေရီ အာခီယွန် က အိန္ဒိယအစိုးရအနေနဲ့ ဒီလူတွေ မြန်မာပြည်ပြန်သွားရင် ရင်ဆိုင်ကြုံတွေ့နိုင်တဲ့ လူ့အခွင့်အရေးချိုးဖေါက် အရေးယူမှုတွေအတွက် တာဝန်ရှိကြောင်း ပြောဆိုရင်း သူတို့ကို အကာအကွယ်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
ဒါ့အပြင် ကုလအရာရှိက အဲဒီ ရိုဟင်ဂျာ မွတ်စလင် ၇ ဦးကို အကာအကွယ်ပေးနိုင်ရန်အတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးလက်ထဲကို လွှဲပြောင်းပေးဖို့ တာဝန်ရှိတယ်လို့လည်း ပြောပါတယ်။ အိန္ဒိယနိုင်ငံက အကျဉ်းထောင်တွေထဲမှာ တရားမဝင် ခိုးဝင်မှုနဲ့ ဖမ်းဆီးထားတဲ့ ရိုဟင်ဂျာဦးရေဟာ ၂ဝဝ နီးပါးရှိကြောင်းနဲ့ အဲဒီ ရိုဟင်ဂျာတွေ အပါအဝင် နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူအားလုံးကို နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကာကွယ်ရန် တာဝန်ရှိကြောင်းလည်း ကုလအရာရှိက တိုက်တွန်းပြောကြား လိုက်ပါတယ်။