မြန်မာမှာ ဘာသာရေးပဋိပက္ခတွေ ထပ်ဖြစ်လာမှာ ကုလ စိုးရိမ်
2014.10.03

မြန်မာအစိုးရရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု အားထုတ်ချက်တွေကို ကုလသမဂ္ဂက ချီးကျူးလိုက်ပေမဲ့၊ ဘာသာလူမျိုး ပဋိပက္ခတွေကနေ အကြမ်းဖက်မှုတွေ ထပ်မံပေါ်ပေါက်လာမယ့်အရေး အလေးအနက် စိုးရိမ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ရဲ့ မြန်မာနိုင်ငံဆိုင်ရာ နောက်ဆုံးအစီရင်ခံစာမှာ ဖေါ်ပြ ထားပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စ လင်တွေကြားက ကွဲပြားမှုအက်ကြောင်းဟာ နက်ရှိုင်း ကျယ်ပြန့်နေဆဲဖြစ်ပြီး၊ ဒုက္ခသည်စခန်းတွေရဲ့ အခြေ အနေတွေဟာလည်း အလွန်တရာ ဆိုးရွားနေကြောင်း၊ လက်ရှိ ရခိုင်ပြည်နယ်က အနေအထားတွေဟာ နောက် ထပ်အကြမ်းဖက်မှုတွေ၊ လူ့အသက်တွေနဲ့ အိုးအိမ် ပစ္စည်းဆုံးရှုံးမှုတွေ၊ လူတွေအစုလိုက်အပြုံလိုက် နေ ရာရွှေ့ပြောင်းရတာတွေဆီ ထပ်မံဦးတည်သွားနိုင်တဲ့ အခြေအနေမှာရှိနေသေးတာကြောင့် ပြည်တွင်း ပြည်ပ စိုးရိမ်မှုတွေ ဆက်လက်တိုးတက်ကျယ်ပြန့်လာနေရကြောင်း လည်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
အဲဒီအစီရင်ခံစာကို လာမယ့် သီတင်းပတ်တွေမှာကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယ ကော်မတီ လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေးမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံခြားရေး ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်၊ နိုင်ငံရေးအကျဉ်းသားနဲ့ ကလေးစစ်သားတွေ ပြန်လွှတ်ပေးနေတာစတဲ့ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်လာနေပြီဖြစ်တာကြောင့်၊ ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ လူ့အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ထည့်သွင်းဆွေးနွေးစရာ မလိုအပ်တော့ဘူးလို့ ယုံကြည်ပါကြောင်း ပြီးခဲ့တဲရက်ပိုင်းက ကုလသမဂ္ဂမှာ ပြောကြား ခဲ့ပါတယ်။
ဒီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇားမှာရှိနေတဲ့ မြန်မာနိုင်ငံဘက်က ရိုဟင်ဂျာခေါ် ဒုက္ခသည်တွေကို ရခိုင်ပြည်နယ်ကို အလုံးအရင်းနဲ့ အမြန်ပြန်ပို့ရေးကိစ္စ အရှိန်မြှင့်ဆောင်ရွက်ဖို့ ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်အဖြစ် အသစ်ခန့်အပ်ခံခဲ့ရတဲ့ မစ္စတာ ရှန်မီး အာရှန် က ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂကို တိုက်တွန်းပြော ကြားခဲ့ပါတယ်။