အကျဉ်းသားများ အစာငတ်ခံဆန္ဒပြမှု ကုလ အနီးကပ်စောင့်ကြည့်
2011.05.25

နိုင်ငံရေး အကျဉ်းသားတွေ ဆန္ဒပြနေတဲ့သတင်း ကျနော်ရထားပါတယ်။ အခြေအနေတွေကိုလည်း အနီးကပ် စောင့်ကြည့်နေပြီး ကောင်းမွန် တိုးတက်လာဖို့ မြန်မာအစိုးရနဲ့ အဆက်အသွယ်ရအောင် ကြိုးစားနေပါတယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။ အစာငတ်ခံ ဆန္ဒပြနေသူတွေကို ထောင်အာဏာပိုင်တွေဖက်က အကြမ်းဖက် ဖိနှိပ်ဖြိုခွဲမှာ၊ ဝေးလံတဲ့ ထောင်တွေဆီကို ပြောင်းရွှေ့ပစ်မှာ စတာတွေကို သူ့အနေနဲ့ စိုးရိမ်မိတယ်လို့ မစ္စတာ ကင်တားနားက ဆိုပါတယ်။
အင်းစိန်ထောင်မှာ ဆန္ဒပြနေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေကလည်း ရန်ကုန်မြို့ ကမ္ဘာ့ကြက်ခြေနီအသင်း (ICRC) ရုံးမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။ ဆန္ဒပြ နိုင်ငံရေးအကျဉ်းသားတွေ ကိစ္စကို ICRC အနေနဲ့ ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးဖို့ အဓိကတင်ပြခဲ့တဲ့ အကြောင်း တွေ့ဆုံပွဲမှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဦးဆောင်လှုပ်ရှားနေသူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဖြိုးမင်းသိန်းက ပြောပါတယ်။
“ကျွန်တော်တို့ ဆွေးနွေးတဲ့ အဓိက ရည်ရွယ်ချက်က အခု ဖြစ်နေတဲ့ ၂၂ ယောက်နဲ့ နောက်တိုး တယောက်ပေါ့ဗျာ၊ အဲဒီလူတွေကို အရေးယူဖို့ တခုအနေနဲ့ လုပ်မယ်ဆိုရင်တောင် လူသားချင်းစာနာတဲ့ အရေးယူမှုမျိုးပဲ သူတို့ဖက်က လုပ်သင့်တယ်။ ဒီလူတွေကို စိုးရိမ်မိတယ်ဆိုတဲ့ အင်ဖော်မေးရှင်းမျိုး အာဏာပိုင်ကို ပြောမယ်ဆိုရင် အာဏာပိုင်ဖက်က သတိထားရမယ်ပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုရင် နိုင်ငံတကာက စောင့်ကြည့်နေတယ်ဆိုရင် နည်းနည်း သတိထားပြီး လုပ်မယ်ပေါ့။ နို့မို့ဆိုရင် လက်လွတ်စပယ် လုပ်မယ်ဆိုရင် ကျွန်တော်တို့ လူတွေ သေဆုံးသွားမှာကို ကျွန်တော်တို့ စိုးရိမ်မိတယ်ပေါ့။ အဲဒီ အကြောင်းလေးပါ။ ကျွန်တော်တို့ ပြောတဲ့အပိုင်းကလေ။”
နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြနေတာ လေးရက်မြောက်သွားပြီ ဖြစ်ပေမဲ့ သူတို့ တောင်းဆိုထားတဲ့ အချက်တွေကို အာဏာပိုင်တွေဖက်က မလိုက်လျောတဲ့အပြင် ထောင်ပြောင်းရွှေ့တာ အပါအဝင် နည်းမျိုးစုံနဲ့ ဖြိုခွဲဖို့ ပြင်ဆင်နေတဲ့အကြောင်း အင်းစိန်ထောင်နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်အရ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီ အသေးစိတ်ကို RFA မှ မအင်ကြင်းနိုင်က စုစည်း တင်ပြထားပါတယ်။
![]() |
စုစည်းတင်ပြချက် |
![]() |
အသံဖိုင်ယူရန် |