UNA တိုင်းရင်းသားမဟာမိတ် ညီလာခံ အခုလအတွင်း ကျင်းပမည်
2014.11.05

တိုင်းရင်းသားပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ UNA ညီညွတ်သောတိုင်းရင်းသား လူမျိုးများမဟာမိတ်အဖွဲ့ UNA ညီလာခံကို ဒီလအတွင်းမှာ ကျင်းပသွားမယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးက RFA ကို ပြောပါတယ်။
ရန်ကုန်မြို့ UNA ရုံးမှာ ဒီကနေ့ကျင်းပခဲ့တဲ့ အရေးပေါ်အစည်းအဝေးမှာ အဲ့ဒီ ညီလာခံကျင်းပဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ဦးခွန်ထွန်းဦးက ပြော ကြားလိုက်တာပါ။
"ကျနော်တို့အနေနဲ့ကတော့ အဖွဲ့ဝင်တွေလျှောက် လွှာတွေ လက်ခံရရှိထားတာတွေ ရှိပါမယ် ၊ နောက်ပြီးတော့ ကျနော်တို့ များမကြာမီ UNA ညီလာခံကြီးပေါ့၊ ကျနော်တို့ လုပ်ပါလိမ့်မယ်၊ UNA ညီလာခံကြီး လုပ်တဲ့နေရာမှာ ကျနော်တို့ NLD နဲ့ ဘယ်လိုပေါင်းကြမယ်၊ ဘယ်လို မိတ်ဆွေတွေဖွဲ့မယ် ဆိုတာ မူတွေကျနော်တို့ ဆွေးနွေးပါတယ်၊ ညီလာခံကြီးမှာလည်း ကျနော်တို့ NLD နဲ့တွေ့ဆုံပြီးတော့ ပြောရမယ့် စကားတွေ ဒါကျနော်တို့ ဆွေးနွေးကြတာ"
အဲ့ဒီ ညီလာခံမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ UNA တို့ ပူးပေါင်းရေးကိစ္စတွေကို အသေးစိတ်ဆွေးနွေး မှာဖြစ်တယ်လို့ ဦးခွန်ထွန်းဦးက ပြောပါတယ်။
ဒီနေ့အစည်းအဝေးမှာ နိုင်ငံရေးထိပ်သီးခေါင်းဆောင် ၁၄ ဦး တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဦးခွန်ထွန်းဦး က တွေ့ဆုံဆွေးနွေးပွဲ အတွေ့အကြုံတွေကို ရှင်းပြခဲ့တယ်လို့လည်း သိရပါတယ်။
စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ကို မွန်အမျိုးသားပါတီ၊ ဇိုမီးအမျိုးသား ဒီမိုကရေစီပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် စတဲ့တိုင်းရင်းသားပါတီ ၇ ပါတီနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
ဦးခွန်ထွန်းဦးကို RFA သတင်းထောက် ကိုသီဟထွန်း တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။