စစ်အာဏာသိမ်း ကိုးလကျော်အတွင်း ၁၈ နှစ်အောက် လူငယ် ၁၃၀ ကျော် အဖမ်းခံထားရ

2021.11.18
စစ်အာဏာသိမ်း ကိုးလကျော်အတွင်း ၁၈ နှစ်အောက် လူငယ် ၁၃၀ ကျော် အဖမ်းခံထားရ အဖမ်းခံရတဲ့ မဝင့်ဝါနိုင်၊ စညီညီနိုင်နှင့် မဇူးဇူးဟန်နီတို့ကို ၂၀၂၁ နိုဝင်ဘာ ၆ ရက်နေ့က တွေ့ရစဉ်
Photo: CJ

စစ်အာဏာသိမ်း ကိုးလ ကျော်ကာလအတွင်း ရန်ကုန်မြို့က ဗုံးခွဲမှု၊ ပစ်ခတ်သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး သံသယနဲ့ ဖမ်းဆီးခံထားရသူ အသက် ၁၈ နှစ်အောက် လူငယ် ၁၃၄ ယောက် ရှိနေပြီ ဖြစ်ပါတယ်။

နိုဝင်ဘာ ၆ ရက်နေ့က နောက်ဆုံး အဖမ်းခံလိုက်ရသူတွေကတော့ ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ်က အသက် ၁၅ နှစ် အရွယ် မဇူးဇူးဟန်နီ၊ မဝင့်ဝါနိုင်နဲ့ အသက် ၁၇ နှစ် အရွယ် စညီညီနိုင်တို့ ဖြစ်ပါတယ်။

ရဲနဲ့စစ်တပ်ကို သတင်းပေးတိုင်ကြားသူလို့ စွပ်စွဲခံရတဲ့ အရှေ့ဒဂုံမြို့နယ်က ကျောင်းဆရာမ ဒေါ်လှလှသန်း နိုဝင်ဘာ ၅ ရက်နေ့မှာ အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၆ ရက်နေ့မှာ အသက် ၁၉ နှစ်အရွယ် မဆောင်းလေပြေနဲ့အတူ သူတို့ သုံးယောက် အဖမ်းခံလိုက်ရတာပါ။

ကျောင်းဆရာမ ဒေါ်လှလှသန်း အသတ်ခံရချိန်မှာ စညီညီနိုင်ဟာ မကျန်းမာတဲ့ သူ့မိခင်နဲ့အတူ ရှိနေတာ ကြောင့် လူသတ်မှုနဲ့ လုံးဝ မသက်ဆိုင်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

"စညီညီနိုင်ပေါ့နော်။ ကျမ သေချာသိသလောက်ဆိုရင် သူက အိမ်မှာပဲ နေတဲ့ကလေးပါ။ သူတို့ အသက်ရွယ်ကလည်း ငယ်သေးတယ်။ တခြား ဘယ်အဖွဲ့အစည်းနဲ့မှလည်း အဆက်သွယ် မရှိပါဘူးရှင်။ နောက်ပြီး သူတို့ ဖြစ်တဲ့နေ့မှာလည်း အိမ်မှာပဲ ရှိနေခဲ့တယ်။ သူ့မိဘက လုံးဝအပြင် မထွက်ခိုင်းဘူး။ သူ့အမေက ကျန်းမာရေးမကောင်းဘူး။ ဈေးတောင်မှ အိမ်ဘေးကနေ မှာစားတယ်။ ကလေးကို အပြင်လုံးဝ မထွက်ခိုင်းဘူး။ သားကိုလာဖမ်းတော့ သူ့မိခင်က လုံးဝအရူးလို ဖြစ်သွားတာ"

အသက် ၁၇ နှစ်အရွယ် စညီညီနိုင်ဟာ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ဆန္ဒပြခဲ့ဖူးပေမယ့် ဘယ် အဖွဲ့စည်းနဲ့မှ မပတ်သက်ဘဲ ကျန်းမာရေးမကောင်းတဲ့ မိခင်နဲ့အတူ အိမ်မှာပဲ နေထိုင်ရင်း အားလပ်ချိန်တွေမှာ အေးဆေးဆေးဆေး ဂစ်တာတီးတာရင်း အချိန်ကုန်လေ့ရှိတယ်လို့လည်း သူက ဆိုပါတယ်။

အွန်လိုင်းကနေ သီချင်းဆိုပြိုင်တာ၊ ဓာတ်ပုံမော်ဒယ် ပြိုင်တာတွေလုပ်ရင်း သူဝါသနာပါတဲ့ အနုပညာကို တန်ဖိုးထား ကြိုးစားနေတဲ့ လူငယ်တစ်ဦးလို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောကြပါတယ်။

နိုဝင်ဘာ ၆ ရက် မနက်ပိုင်းမှာ အသက် ၁၇ နှစ်အရွယ် စညီညီနိုင် အဖမ်းခံရပြီး ညနေပိုင်းမှာတော့ အသက် ၁၅ နှစ်အရွယ်တွေဖြစ်ကြတဲ့ မဇူးဇူးဟန်နီ နဲ့ မဝင့်ဝါနိုင်တို့ အဖမ်းခံလိုက်ရတာပါ။

မဇူးဇူးဟန်နီဟာ စညီညီနိုင် အဖမ်းခံလိုက်ရတာကို လူမှုကွန်ယက် စာမျက်နှာတွေက တဆင့် ကြားသိရ ပေမယ့် သူနဲ့ပတ်သက်မှု မရှိတာကြောင့် တစ်နေကုန် အိမ်မှာပဲ အေးအေးဆေးဆေး ရှိနေချိန် ရဲနဲ့စစ်တပ်က ညနေပိုင်းမှာ လာဖမ်းသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မဇူးဇူးဟန်နီရဲ့ မိသားစုနဲ့ နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။

“သိလိုက်တယ်။ သူတောင်ပြောနေသေးတယ်။ သူ့သူငယ်ချင်းပေါ့နော်။ သူတို့က ဆန္ဒပြရင်းခင်တဲ့ သူငယ်ချင်းတွေပေါ့နော်။ သူ့ထက်တော့ကြီးတယ် စညီညီနိုင်က။ တကယ်လို့ သူလုပ်ထားရင် ဒီအတိုင်း အိမ်မှာ နေနေမလား။ သူတစ်နေရာကိုသွားမယ်။ ရှောင်နေမှာပေါ့။ အခုက သူက အိမ်မှာပဲ အေးအေး ဆေးဆေး ရှိနေတာရှင့်။ အဲကလေးက စာအရမ်းတော်တယ်။ အဲဆရာမတောင်မှ လူရည်ချွန်ဖြေတာ လိုက်ခဲ့ဖူးသေးတယ်။ တပည့်အရင်းကြီးပေါ့။ ပြောရမယ်ဆိုရင်။ ကလေးက အိမ်မှာတစ်နေကုန် ဖုန်းပဲကြည့်တယ်။ ဘယ်မှလည်းသွားတာ မဟုတ်ဘူး။"

စညီညီနိုင်နဲ့ မဇူးဇူးဟန်နီ အပါဝင် နိုဝင်ဘာ ၆ ရက်နေ့က အဖမ်းခံလိုက်ရသူ လေးယောက်စလုံးဟာ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသူ၊ ကျောင်းသားတွေဖြစ်ပြီး စစ်ကောင်စီကို ဆန္ဒပြတဲ့အထဲမှာ ပါဝင်ခဲ့ဖူးတာနဲ့ အသတ်ခံရသူ CDM မဝင်တဲ့ ကျောင်းဆရာမ ဒေါ်လှလှသန်းကို သူ့ရဲ့ Facebook လူမှုကွန်ရက် စာမျက်နှာမှာ မှတ်ချက်ရေး ဝေဖန်တာလောက်သာ ရှိခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

"ပြစ်မှုကျူးလွန်ပါတယ်ဆိုတဲ့ အထောက်အထားမျိုး သိမ်းဆည်းသွားတယ်လို့ မသိရှိရဘူး ခင်ဗျ"

ကျောင်းဆရာမ ဒေါ်လှလှသန်းဟာ အသတ်မခံရခင်က သူ့ရဲ့ Facebook စာမျက်နှာမှာ ဝေဖန်ရေးသားခဲ့တဲ့ စညီညီနိုင်နဲ့ မဇူးဇူးဟန်နီ အပါအဝင် ကျောင်းသူကျောင်းသား ကိုးယောက်ကို ဆက်သွယ်ရေးပုဒ်မ-၆၆ (ဃ) နဲ့ အမှုဖွင့် အရေးယူပေးဖို့ စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးရုံးမှာ သွားရောက်တိုင်ကြားခဲ့တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့က အထက်တန်းပြဆရာမ ဒေါ်လှလှသန်းဟာ ဒဂုံမြို့သစ်အရှေ့ပိုင်း အ.ထ.က ၂ ကိုသွားဖို့ တက္ကစီအငှားယာဉ်နဲ့ မြောက်ဥက္ကလာပမြို့နယ်ကနေ ထွက်လာချိန် သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတာပါ။ နိုဝင်ဘာ ၆ ရက်နေ့မှာတော့ ဒေါ်လှလှသန်း အမှုဖွင့်တိုင်ကြားထားတဲ့ ကိုးယောက်ထဲက စညီညီနိုင်နဲ့ မဇူးဇူးဟန်နီ အပါအဝင် အသက် ၁၅ နှစ်ကနေ ၁၉ နှစ်အကြား လူငယ် လေးယောက် အဖမ်းခံလိုက်ရတာပါ။

north-okkala-teacher death
(ပစ်ခတ်ခံရတဲ့ ဆရာမ ဒေါ်လှလှသန်း စီးသွားတဲ့ တက္ကစီကားကို ၂၀၂၁ နိုဝင်ဘာ ၅ ရက်နေ့က တွေ့ရစဥ်) Photo: CJ

အဲဒီလူငယ်တွေ အဖမ်းခံရချိန်မှာ လူသတ်မှုနဲ့ ဆက်နွယ်တဲ့ အထောက်အထား ဘာတစ်ခုမှ သိမ်းဆည်းရမိတာ မရှိဘူးလို့ သူတို့အမှုကို ဥပဒေကြောင်းအရ လိုက်ပါဆောက်ရွက်ပေးနေတဲ့ အထက်တန်းရှေ့နေ ဒေါက်တာ ဖိုးဖြူက RFA ကို ပြောပါတယ်။

"စညီညီနိုင်ရော၊ ဇူးဇူးဟန်နီရော နှစ်ယောက်လုံးဆိုရင် သူတို့ဆီက သိမ်းဆည်းထားတာတွေက တယ်လီဖုန်းတွေပဲရှိတယ်။ ဇူးဇူးဟန်နီဆိုတဲ့ သမီးလေးဆီက ရှစ်သိန်းပါသွားတယ်။ ဒါပေမဲ့လို့ ပြစ်မှု ကျူးလွန်ပါတယ်ဆိုတဲ့ အထောက်အထားမျိုး သိမ်းဆည်းသွားတယ်လို့ မသိရှိရဘူးခင်ဗျ။ မကြားသိရပါဘူး ခင်ဗျ။ ဆိုလိုတာက ဗုံးတို့၊ လက်နက်တို့၊ တခြားဖောက်ခွဲရေးပစ္စည်းတို့ ဒါမျိုးတွေ ကလေးတွေဆီက သိမ်းဆည်းသွားတာမျိုး မရှိပါဘူးခင်ဗျ။ သိမ်းတဲ့အခါမှာလည်း ရှာဖွေပုံစံနဲ့ သိမ်းဆည်းသွားတာ မဟုတ်ဘဲ အလွတ် သိမ်းဆည်းသွားတာဖြစ်လို့ ဥပဒေမဲ့ သိမ်းဆည်းတယ်လို့ ဥပဒေရှုထောင့်ကနေ မြင်နိုင်ပါတယ် ခင်ဗျ။"

မြန်မာနိုင်ငံရဲ့ လက်ရှိတည်ဆဲ ကလေးသူငယ်ဥပဒေအရ အသက်မပြည့်သေးတဲ့ ကလေးတွေကို ဖမ်းဆီးပြီးတဲ့ အခါ အရပ်သားတရားရုံးမှာ ကလေးသူငယ်ဆိုင်ရာ တရားသူကြီးနဲ့သာ အမှုစစ်ဆေးခွင့်ရှိပြီး အမှုမှာ ပါဝင် ပတ်သက်မှု မရှိတာတွေကို တရားဝင် ထုချေပိုင်ခွင့် ပေးထားတယ်လို့ ကလေးသူငယ်အမှုတွေကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက ပြောကြပါတယ်။

အခု ၁၂ ရက်ကြာတဲ့အထိ အသက် ၁၅ နှစ်အရွယ် မဇူးဇူးဟန်နီ နဲ့ မဝင့်ဝါနိုင်၊ အသက် ၁၇ နှစ်အရွယ် စညီညီနိုင်၊ အသက် ၁၉ နှစ်အရွယ် မဆောင်းလေပြေတို့ လေးယောက်ကို ရဲနဲ့ စစ်တပ်က ဘယ်မှာ ဖမ်းထားသလဲ၊ ဘယ်မှာ စစ်ကြောမေးမြန်းနေသလဲ ဆိုတာကို မိသားစုတွေက အတိအကျ မသိရသေးပါဘူး။

အသက်မပြည့်သေးတဲ့ လူငယ်တွေကို အပစ်ရှိ၊ မရှိ မသေချာဘဲ သံသယနဲ့ ဖမ်းဆီးစစ်ကြောတာဟာ လူသားတစ်ယောက်ရဲ့ အခွင့်အရေး ကလေးသူငယ် အခွင့်အရေးကို ချိုးဖောက်တာဖြစ်တယ်လို့ လူငယ်တစ်ယောက်ဖြစ်တဲ့ တကသ ကျောင်းသားဟောင်းများ အင်အားစုက ကိုနန်းလင်းက ပြောပါတယ်။

"မတရား ဒီလို ဖမ်းဆီးနေတာက ကာယကံရှင်ရော၊ မိသားစုအတွက်ရော အများကြီး နစ်နာတယ်။ အများကြီး စိတ်မကောင်းရတဲ့ အခြေအနေပဲ။ စစ်ကောင်စီက ဟုတ်ဟုတ် မဟုတ်ဟုတ် တရားခံပေါ်ဖို့ အရေးကြီးတယ်။ ဒီလူက တရားခံ ဟုတ်သလား မဟုတ်သလား အများကြီး စဉ်းစားနေမှာမဟုတ်ဘူး။ ရိုက်မယ်၊ နှက်မယ်၊ ဝန်ခံခိုင်းမယ်။ ပြီးရင် အမှုစီရင်မယ်။ ဒီပြစ်မှုက ဒီလူတွေ ကျူးလွန်ပါတယ်ဆိုပြီး တောက်လျှောက်သွားနေတာ။ ဒီလိုမျိုး ကျူးလွန်တယ်လို့ မသေချာသေးဘဲနဲ့ ကလေးသူငယ် အခွင့်အရေးရော၊ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးရော ဆုံးရှုံးနေတဲ့ကိစ္စပေါ့။ ကျနော်တို့ ပြင်းပြင်းထန်ထန်ရှုတ်ချတယ်။"

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာ ၁၆ ရက် ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁ ရက်ကနေ နိုဝင်ဘာ ၁၆ ရက်အထိ စစ်အာဏာသိမ်း ကိုးလကျော် ကာလအတွင်း စုစုပေါင်း လူ တစ်သောင်းကျော် အဖမ်းခံခဲ့ရပြီး အဲဒီအထဲက ၇,၃၂၂ ဦးဟာ အခုချိန်ထိ စစ်ကြောရေးစခန်းတွေနဲ့ နိုင်ငံတစ်ဝှမ်းက အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။