တစ်ပြည်လုံး အပစ်ရပ်စဲရေး လက်မှတ်ထိုးဖို့ ယခုလကုန် ဆုံးဖြတ်မည်
2013.09.16
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်ပြီး လာမယ့် အောက်တိုဘာ လမှာ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးဖို့ကိစ္စကို စက်တင်ဘာလကုန်မှာ ကျင်းပမည့် အလုပ်အမှုဆောင် အစည်းအဝေးကနေ ဆုံးဖြတ်မယ်လို့ မနေ့ကကျင်းပခဲ့တဲ့ UNFC အဖွဲ့က အရေးပေါ်အလုပ်အမှုဆောင် အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။
တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး ကိစ္စအပါအဝင် ဖွဲ့စည်းပုံ ပြန်လည်ရေးဆွဲရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC က အလုပ်အမှုဆောင် ခေါင်းဆောင်တွေ စက်တင်ဘာ ၁၄ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အရေးပေါ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အခုလိုသတ်မှတ်ခဲ့ကြတာ ဖြစ်တယ်လို့ UNFC အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက RFA ကို ပြောပါတယ်။
UNFC ခေါင်းဆောင်တွေအနေနဲ့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ကိစ္စနဲ့ ပတ်သက်ပြီး အခုလို အရေးပေါ်အစည်းအဝေးကျင်းပရတာဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ အရေးကြီးတဲ့ အချိန်ရောက်နေပြီး မကြာခင်ရက်ပိုင်းအတွင်းမှာ UNFC က ခေါင်းဆောင်တွေကို ရန်ကုန်မှာရှိတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ MPC ကနေပြီး ဒီလက်မှတ်ထိုးဖို့ကိစ္စ ခေါ်ယူဆွေးနွေးဖို့ရှိနေတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၈ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့နဲ့ UNFC ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ချိန်ကလည်း ဝန်ကြီး ဦးအောင်မင်းက နေပြည်တော်မှာ တိုင်းရင်းသားအားလုံး ပါဝင်လက်မှတ်ထိုးဖို့ ဖိတ်ခေါ်ခဲ့ပြီး လက်မှတ်လာမထိုးတဲ့ တိုင်းရင်းသားအဖွဲ့တွေကိုတော့ နောက်တဆင့် ပြုလုပ်မယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဆက်ပါနိုင်မှာမဟုတ်တော့ဘူးလို့ ပြောခဲ့ကြောင်းလည်း သိရပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလမှာ စတင်ဖွဲ့စည်းခဲ့ပြီး ချင်းအမျိုးသားတပ်ဦးCNF ၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့KIO၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီKNPP၊ ကရင်အမျိုးသားအစည်းအရုံးKNU၊ မွန်ပြည်သစ်ပါတီ NMSP၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချူပ်PNLO၊ ရခိုင်ပြည်အမျိုးသားကောင်စီ ANC၊ လားဟူဒီမိုကရက်တစ်ပါတီ LDP၊ ဝ အမျိုးသားအဖွဲ့ချူပ် WNO၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး PSLF အဖွဲ့တွေ ပါဝင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။