UNFC နဲ့ လုူမှုအဖွဲ့အစည်းများ ချင်းမိုင်မှာ ထပ်တွေ့


2015.02.09

ပြည်တွင်းငြိမ်းချမ်းရေး နှောင့်နှေးနေရတာနဲ့ ပတ်သက်ပြီး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC အဖွဲ့က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေနဲ့ ပြည်တွင်း ပြည်ပက လူမှှုအခြေပြု လူထုအဖွဲ့အစည်းတွေ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ မနေ့မနက်က ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

လူမှုအဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အခြေအနေတွေအပေါ် ထောက်ပံ့ကူညီသွားနိုင်ဖို့ တွေ့ ဆုံဆွေးနွေးခဲ့ကြတာနဲ့ ပတ်သက်လို့ UNFC အဖွဲ့က အထွေထွေအတွင်းရေးမှူး ခူးဦးရယ်က RFA ကို အခုလိုပြောပါတယ်။

"လူချင်းတွေ့လိုက်တော့ နောက်ဆုံးဖြစ်နေတဲ့ အခြေအနေတွေကိုလည်းပဲ သူတို့သိခွင့်ရသွားတယ် ၊ နောက်ပြီးတော့ ပြည်တွင်းမှာ သူတို့လုပ်နေတဲ့ တစ်ဖွဲ့ချင်းစီရဲ့လုပ်ဆောင်မှုတွေ၊ လုပ်ငန်းတွေ အခြေအနေတွေနဲ့လည်း ပတ်သက်လို့ ကျနော်တို့သိရှိခွင့်ရတာပေါ့လေ၊ ကျနော်တို့ တစ်ဖက်နဲ့ တစ်ဖက်အပြန်အလှန် လုပ်ငန်းသဘောအရ နားလည်မှုတွေရရှိလာတဲ့အပေါ်မှာ အနာဂတ်မှာ တိုင်းပြည်အတွက် ကျနော်တို့ ဘယ်လိုပေါင်းကူတံတားတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်တယ်ဆိုတဲ့ လမ်းကြောင်းလေးကို အစပျိုးတဲ့အနေအထားမျိုးနဲ့ ကျနော်တို့နားလည်မှုတွေ ရရှိတယ်လို့ ပြောလို့ မမှားပါဘူး၊ သူတို့ကလည်းပဲ အခုသွားနေတဲ့တွေ့ဆုံဆွေးနွေးမှုခရီးစဉ် လာမယ့် နိုင်ငံရေးဆွေးနွေး မှုခရီးစဉ်ထဲမှာ မလွဲမသွေပါဝင်ဆွေးနွေးရမယ့် ကိစ္စရပ်တွေအများကြီးရှိတယ်ဆိုတော့ သူတို့အနေနဲ့ ဘယ်အခန်းကနေ အားလုံးအတွက်အကျိုးရှိအောင် ပံ့ပိုးနိုင်မလဲဆိုတဲ့ နည်းလမ်းကိုရှာကြံတယ်ဆိုတဲ့ သဘောမျိုးဖြစ်ပါတယ်လေ"

ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးဖြစ်စဉ် နှောင့်နှေးနေတဲ့ အခြေအနေတွေ၊ နယ်စပ်ဒေသက လူမှုအဖွဲ့အစည်းတွေ နဲ့ ပြည်တွင်းလူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားရေး၊ ရင်းနှီးမြုပ်နှံမှုနဲ့ သယံဇာတကိစ္စ၊ မြေယာကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

ပြည်တွင်းကလာရောက်ခဲ့တဲ့ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေ အနေနဲ့ကတော့ ဒီဆွေးနွေးပွဲကနေ ရှေ့ အနာဂတ်အတွက် ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ နားလည်မှုတွေပိုမို ရရှိခဲ့တယ်လို့ ပေါင်းကူးအဖွဲ့က အမှုဆောင် ဒါရိုက်တာ ဒေါက်တာ ကျော်သူက ပြောဆိုပါတယ်။

"ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရပ်ဘက်အဖွဲ့အစည်းတွေ ဘယ်လိုပါသင့်တယ်ဆိုတာမျိုးကို နားလည်မှု ရတယ်လို့ ပြောလို့ရပါတယ်ဗျာ၊ နားလည်မှုရတယ် ဆိုတာ ဖလှယ်နေရမယ်နော်၊ တစ်ဖက်နဲ့ တစ်ဖက် ပေးတာ၊ ခေါ်တာ၊ လုပ်တာ၊ ကိုင်တာတွေ၊ ရည်ရွယ်တာတွေ တစ်ဖက်နဲ့ တစ်ဖက် ခပ်စိပ်စိပ် ဖလှယ်ရမယ်ဆိုတာမျိုး နားလည်မှုရတယ်"

ပြည်တွင်းပြည်ပ လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေဟာ ဖေဖေါ်ဝါရီလ ၇ ရက်နေ့ကစပြီး မြန်မာ့နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေတွေ့ဆုံ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။