ထိုးစစ်တွေ ချက်ချင်းရပ်တန့်ပေးဖို့ UNFC တောင်းဆို
2014.10.15

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ လတ်တလောဖြစ်လာတဲ့ မြန်မာ့တပ်မတော်က ထိုးစစ် ဆင်နေတာကို ချက်ချင်းရပ်တန့်ပေးဖို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ ပေါင်းစည်းထား တဲ့ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
အချက် ၅ ချက်ပါတဲ့ အဲဒီသဘောထားကြေညာချက် နဲ့ပတ်သက်လို့ UNFC ဒုတိယဥက္ကဌ ဦးနိုင်ဟံသာက RFA ကို အခုလိုပြောပါတယ်။
"နိုင်ငံကို မြန်မြန်အေးချမ်းချင်တဲ့ စေတနာနဲ့ အားလုံးက ကြိုးပမ်းနေတဲ့ကာလမျိုးမှာ အခုလိုဖြစ်လာတော့ ဒါကို မြန်မြန်ရပ်တန့်ဖို့တော့ လိုတယ်၊ ရပ်တန့်နိုင်မှ ကြိုးပမ်းနေတဲ့လုပ်ငန်းစဉ်ကို မထိခိုက်ပဲနဲ့ ပြန်ထိန်းနိုင်မယ် မဟုတ်ရင် ဒီတိုက်ပွဲတွေက ပိုပြီးတော့ ရှည်ကြာပြင်းထန် လာရင် နောက်ပိုင်းမှာတော့ ပြန်လည်ညှိနှိုင်းစကားပြောဖို့ ခဲယဉ်းသွားနိုင်တယ်"
အခုလိုမျိုးပြသနာတွေကြောင့် အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ခဲ့တာတွေ ပျက်ပြားသွားမှာ ကိုစိုးရိမ်သလို၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုရှေးရှုပြီး တွေ့ဆုံဆွေးနွေးပွဲနဲ့နိုင်ငံရေးပဋိပက္ခတွေ ချုပ်ငြိမ်းအောင်ဆောင် ရွက်ဖို့ကိုလည်း UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီက အဲဒီကြေညာချက်မှာ တိုက်တွန်းထားပါတယ်။
ဒီအတောအတွင်း ကရင်လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ပူးပေါင်းပြီး ကရင်အမျိုးသား အလံတော်အောက်မှာ တစုတစည်းထဲရှိတာဟာ အစိုးရနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေအတွက် ပိုပြီးကောင်းလာမယ်လို့ KNU တွဲဘက်အတွင်း ရေးမှူး ၂ ပဒိုမန်းမန်းက ပြောပါတယ်။
ပဒိုမန်းမန်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဦးနိုင်ဟံသာကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ် မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။