အစိုးရတပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ရပ်တန့်ပေးဖို့ UNFC တောင်းဆို


2016.10.08
ncct-nainghanthar-620.jpg ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒုဥက္ကဌ ဦးနိုင်ဟံသာ ကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/ RFA

လက်ရှိ ကချင်၊ ရှမ်းနဲ့ ကရင်ပြည်နယ်တွေမှာ အစိုးရတပ်မတော်ဘက်က ထိုးစစ်ဆင်တိုက် ခိုက်နေတာတွေကို ရပ်တန့်ပြီး စစ်ရေးနည်းနဲ့ ဖြေရှင်းတာတွေမလုပ်ဘဲ ညှိနှိုင်းဆွေးနွေး အဖြေရှာဖို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေအပေါ် သဘောထားထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး UNFC ဒုတိယဥက္ကဌ နိုင်ဟံသာ က အခုလိုပြောပါတယ်။

"နောက်တိုက်လေယာဉ်တွေပါသုံးလာတယ်၊ တပ်အင်အားတွေအများကြီးဖြစ်လာတယ်၊ ဒါတွေက ထိုးစစ်ဆင်တဲ့လက္ခဏာအပြည့်အဝပဲလေ၊ ၂၁ ရာစုပင်လုံညီလာခံကြီးလုပ်လိုက်တဲ့နောက်ပိုင်းမှာ နိုင်ငံရေးပြဿနာကို တွေ့ကြုံဖြေရှင်းတဲ့နည်းနဲ့ ဦးတည်ပြီးလုပ်ရမယ့် ကာလမျိုးဖြစ်တယ်၊ အဲ့လိုကာလမျိုးမှာ အရင်ကထက်ပိုပြီးညှိပြီးတော့မှ လှုပ်ရှားလာတဲ့အပါ်မှာ ဒါတော့အလားအလာမကောင်းပါဘူး"

တိုင်းပြည်အာဏာကို ရယူထားတဲ့ အာဏာရှင်အဆက်ဆက်ဟာ ဒီနေ့ထိ စစ်မှန်တဲ့ နိုင်ငံရေးတွေ့ဆုံပွဲ တွေကို မဖော်ဆောင်နိုင်သေးဘူးလို့လည်း UNFC က ကြေညာချက်မှာ ပါရှိပါတယ်။

တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေအနေနဲ့ တိုင်းပြည်အခြေခံနိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းအရ ဖြေရှင်းဖို့ အစိုးရအဆက်ဆက်ကို တောင်းဆိုခဲ့ပေမယ့် လက်ရှိအချိန်အထိ အာဏာရယူထားတဲ့ အစိုးရတွေအနေနဲ့ စစ်မှန်တဲ့ နိုင်ငံရေးတွေ့ဆုံပွဲတွေကို မဖော်ဆောင်နိုင်သေးဘူးလို့ ဖော်ပြထားပါတယ်။

အစိုးရတပ်မတော်ဟာ တိုင်းရင်းသားနယ်မြေတွေကို ကျူးကျော်ပြီး ထိုးစစ်ဆင်မှုတွေ ရှိနေတာကြောင့် ဒေသ ခံထောင်ပေါင်းများစွာ နေရပ်စွန့်ခွါထွက်ပြေးရပြီး ထိခိုက်ဒဏ်ရာရရှိတာတွေနဲ့ အသက်ဆုံးရှုံးမှုတွေ ရှိနေတယ် လို့လည်း ပါရှိပါတယ်။

အစိုးရတပ်မတော်အနေနဲ့ နိုင်ငံရေးနည်းနဲ့အဖြေမရှာဘဲ စစ်အင်အားအသုံးပြုနေမယ်ဆိုရင် ပြည်တွင်း ငြိမ်းချမ်းရေးက အလှမ်းဝေးနေဦးမယ်လို့လည်း သုံးသပ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။