UNFC တိုင်းရင်းသားညွန့်ပေါင်း အဖွဲ့ကနေ KIO နှုတ်ထွက် ခွင့်တောင်း


2017.05.06
unfc-meeting-620.JPG ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဇန်နဝါရီလ ၂၃ ရက်နေ့ကပြုလုပ်တဲ့ UNFC ဗဟိုအလုပ်အမှုဆောင် အရေးပေါ်အစည်းအဝေးကို တွေ့ရစဉ်
Photo: Aung Moe Myint/RFA

KIO ကချင်လွတ်မြောက်ရေးအဖွဲ့ချုပ်က UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်ခွင့်တောင်းလိုက်တယ်လို့ သတင်းရရှိပါတယ်။

KIO အထွေထွေအတွင်းရေးမှူး ဦးလနန် လက်မှတ်ရေးထိုးပြီး ဧပြီလ၂၉ ရက်နေ့စွဲနဲ့ ပေးပို့လိုက်တဲ့ အဲဒီ နှုတ်ထွက် ခွင့်တောင်းခံစာကို UNFC အဖွဲ့က မေလ ၂ ရက်နေ့မှာ လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။

UNFC အဖွဲ့ဝင် SSPP ရှမ်းပြည်တိုးတက်ရေးပါတီ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်စိုင်းထူးကတော့ အခုလို KIO က နှုတ်ထွက်ခွင့်တောင်းတဲ့ကိစ္စကို ကြားပေမယ့် အဲဒီစာကို သူကိုယ်တိုင်တော့ မတွေ့ရသေးဘူးလို့ ပြောပါတယ်။

“ကျနော်တော့ ကြားတယ်၊ စာမတွေ့သေးဘူး။ ကျနော်တို့ SSPP အနေနဲ့တော့ မနှုတ်ထွက်ဘူးဆိုတဲ့ အကြောင်းတော့ ပြောရဲတယ်။ ဒါ မထွက်ဘူး၊ ဒါပေါ့လေနော်။ ကျနော်ပြောရဲတာက ကျနော်တို့ SSPP က မနှုတ်ထွက်သေးဘူး။ SSPP သည် UNFC အလံတော်အောက်မှာပဲ နေတယ်၊ ဒါပဲ”

ဒီကိစ္စနဲ့ ပတ်သက်ပြီး KIO ခေါင်းဆောင်တွေကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အဆက်အသွယ် မရရှိသေးပါဘူး။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဟာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်မထိုးဘဲ တခြားလမ်းကြောင်းကနေ အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပဖို့ ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့က UWSA ဝနယ်မြေ ပန်ခမ်းမြို့မှာ ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းရေး တပ်ပေါင်းစုအဖွဲ့ဝင် ဖြစ် ပါတယ်။

UNFC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် NCA ကို လက်မှတ်ရေးထိုးတော့မယ့်သတင်းတွေ ပေါ်ထွက်နေတုန်းမှာ အခုလို KIO က UNFC ကနေ နှုတ်ထွက် ခွင့် တောင်းခံလိုက်တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။