ကေအိုင်အိုအပေါ် မြန်မာစစ်တပ်ရဲ့ ထိုးစစ်ရပ်တန့်ရေး UNFC တောင်းဆို

မြန်မာစစ်တပ်အနေနဲ့ ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်နေတာတွေကို လာမယ့် ဇွန်လ (၁၀) ရက်နေ့အထိ မရပ်တန့်ရင် အပစ်အခတ် ရပ်စဲထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တွေအနေနဲ့ မြန်မာအစိုးရနဲ့ ပဏာမ သဘောတူထားတဲ့ လုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ရလိမ့်မယ်လို့ UNFC တွဲဘက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက RFA ကိုပြောပါတယ်။

2012.05.12

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုအပေါ် ထိုးစစ်ဆင်နေတာတွေနဲ့ ပတ်သက်လို့ UNFC အဖွဲ့ဝင်တွေဟာ မေလ (၈) ရက်နဲ့ (၉) ရက်နေ့က ထိုင်း-မြန်မာနယ်စပ် တစ်နေရာမှာ အထူးအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပါတယ်။

အဲဒီအစည်းအဝေးကို သမ္မတ ဦးသိန်းစိန်အစိုးရနဲ့ မကြာသေးခင်ကမှ အပစ်အခတ် ရပ်စဲထားတဲ့ ကရင်အမျိုးသား အစည်းအရုံး KNU၊ မွန်ပြည်သစ်ပါတီ၊ ရှမ်းပြည်မြောက်ပိုင်း SSA တပ်မတော်နဲ့ ရှမ်းပြည်တောင်ပိုင်း SSDP တပ် အပါအဝင် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီး ခွန်ဥက္ကာက -

"ကျွန်တော်တို့ ဒီအပစ်ရပ်ထားတဲ့ UNFC အဖွဲ့ဝင်တွေအနေနဲ့ မိမိတို့ရဲ့ မကျေနပ်မှုကို ထုတ်ဖော်ပြသတဲ့ အနေနဲ့ အပစ်ရပ်ထားတဲ့ သဘောတူညီချက်တာဝန် ရှေ့လုပ်ရမည့် လုပ်ငန်းတွေကို ပြန်လည် သုံးသပ်သွားမယ်ဆိုတဲ့ ဒီဟာကို ထုတ်ဖော်တာပါ။ ကချင်မှာ အပစ်ရပ်ဖို့ပေါ့။ အပစ်မရပ်ဘူး ဆိုရင်တော့ ကျန်တဲ့အဖွဲ့တွေ ဆက်ပြီးတော့ အပစ်ရပ်တာ အဓိပ္ပာယ်မရှိဘူးဆိုတဲ့ သဘောမျိုး၊ ပြန်လည်သုံးသပ်မယ်ဆိုတဲ့ သဘောမျိုး တင်ပြတာပါ" လို့ ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း စစ်တပ်အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေဟာ ဒေသတွင်းက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အကာအကွယ်ပေးဖို့ ဖြစ်ပြီး နိုင်ငံခြား အကျိုးစီးပွားအတွက် တိုင်းရင်းသား အချင်းချင်းအပေါ် ပြင်းထန်တဲ့ စစ်ပွဲတွေ ဖန်တီးနေတဲ့အပေါ် UNFC အဖွဲ့ဝင်တွေက ကန့်ကွက်ကြောင်း မေလ (၁၀) ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ပွဲတွေ မရပ်တန့်ရင် နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးဆိုင်ရာ ပိတ်ဆို့ အရေးယူထားတာတွေကို ဆိုင်းငံ့တာ၊ ရုပ်သိမ်းတာတွေ မလုပ်ဘဲ စောင့်ကြည့် အကဲခတ်ဖို့ UNFC အနေနဲ့ တိုက်တွန်းကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။