KNU ပြန်ပါဝင်ရေး ကြိုးစားဖို့ UNFC ညီလာခံ ဆုံးဖြတ်
2014.09.02

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပပြီးဆုံးသွားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ပထမအကြိမ် ညီလာခံ ကနေ တိုင်းရင်းသားအားလုံးရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အောင်မြင် သည်အထိ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ စက်တင် ဘာ ၂ ရက်နေ့က ဆုံးဖြတ်ခဲ့ကြပြီး UNFC အဖွဲ့ကို ဦးဆောင်မယ့် ဗဟိုအလုပ်အမှုဆောင် ကော်မတီ သစ်ကိုလည်း ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။
ခုနှစ်ရက်ကြာ ညီလာခံကျင်းပခဲ့တဲ့ ညီလာခံကနေ အသစ်ရွေးကောက်လိုက်တဲ့ ဗဟိုအလုပ် အမှုဆောင်ကော်မတီ ၁၂ ဦးနေရာမှာ လောလော ဆယ် ၁ဝ ဦးသာရွေးချယ်ထားပြီး ဥက္ကဌ ၂ နေရာနဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီတစ်နေရာအတွက် KNU ကိုယ်စားလှယ်တွေ ပြန်ခန့်အပ်နိုင်ဖို့ ချန်လှပ် ထားတယ်လို့လည်း သိရပါတယ်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဥက္ကဌ အဖြစ် ပြန်လည်ရွေးချယ်တင်မြောက်ခံ ရတဲ့ ဗိုလ်ချူပ်ကြီး အင်ဘန်လကတော့ UNFC ညီလာခံအပြီးမှာ သတင်းထောက်တွေကို အခုလိုပြောဆိုပါတယ်။
"သူတို့ ပြန်လာအောင်လုပ်ရမှာပဲ သူတို့က ဒီ လုံးဝနှုတ်ထွက်သွားတာမဟုတ်ဘူး၊ သူတို့တင်ပြတဲ့ ဒီမူကြမ်းလေးပေါ့လေ၊ သိပ်သက်ဆိုင်မှှုမရှိလို့ ယာယီထွက်ခွာသွားတာပဲဖြစ်တယ်၊ အမြဲတမ်း ထွက်ခွာသွားတာမဟုတ်ဘူး၊ သူတို့ ဗဟိုမှာ ပြန်ဆွေးနွေးပြီးတော့ အဖွဲ့ဝင်အဖြစ် သူတို့ ဘယ်လိုပုံစံနဲ့ ဝင်လာမလဲတော့မသိဘူး ဝင်တော့ပြန်ဝင်လာမှာပဲ ခင်ဗျ"
UNFC ညီလာခံကို တက်ရောက်ခဲ့တဲ့ KNU ကရင်အမျိုးသား အစည်းအရုံးက ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က UNFC ရဲ့မူဝါဒပိုင်းဆိုင်ရာကိစ္စနဲ့ ပတ်သက်ပြီး သဘောထား မတူညီမှုတွေဖြစ်ပေါ်ခဲ့ပြီး UNFC ညီလာခံမှာ မပါဝင်တော့ပဲ ယာယီရပ်ဆိုင်းခဲ့ ပါတယ်။
UNFC အဖွဲ့ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီကို လာမည့် ၂ နှစ်သက်တမ်းအတွက် အသစ်ရွေးကောက် တင်မြောက်လိုက်တဲ့ ဥက္ကဌ ဗိုလ်ချူပ်ကြီး အင်ဘန်လ၊ ဒုဥက္ကဌ ၁ ဦးနိုင်ဟံသာ၊ ဒုဥက္ကဌ ၂ ( KNU အတွက်ချန်လှပ်နေရာ)နဲ့ အထွေထွေအတွင်းရေးမှူး ခူးဦးရယ် အတွင်းရေးမှူး ၁ ဗိုလ်မှူးကြီး ခွန်ဥက္ကာ နဲ့ အတွင်းရေးမှူး ၂ ဆလိုင်းထလာဟေးတို့ပါဝင်ပြီး ဗဟိုအလုပ်အမှုဆောင် ကော်မတီတစ်ဦး (ချန်လှပ်) အပါအဝင် ၁၂ ဦးနဲ့ ဦးဆောင်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
UNFC ညီလာခံသက်တမ်းကို အရင်က ၃ နှစ်တစ်ကြိမ်ကျင်းပဖို့ သတ်မှတ်ခဲ့ပေမယ့် နောက်လာမည့် သက်တမ်းမှာတော့ ညီလာခံကို ၂ နှစ်တစ်ကြိမ်ကျင်းပဖို့ ပြောင်းလဲသတ်မှတ်ခဲ့ပြီး ၆ လတစ်ကြိမ် ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး ကျင်းပသွားဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။