ကျောက်တန်းရွာဖမ်းဆီးစစ်ဆေးမှုတွေ စိုးရိမ်ကြောင်း UNHCR ကြေညာချက်ထုတ်ပြန်


2019.05.10
kyauktan-villagers-622.jpg ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာက ဒဏ်ရာရသူ တစ်ဦးကို စစ်တွေဆေးရုံမှာ ၂၀၁၉ မေလ ၃ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ပြီးခဲ့တဲ့ ဧပြီလ ၃ဝ ရက်နေ့က မြန့်မာတပ်မတော်က ထိန်းသိမ်းတာခံလိုက်ရတဲ့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်တန်းရွာက ရွာသား၂၇၅ ယောက်ထဲက အယောက် ၅ဝ နီးပါး မလွတ်ဘဲ ကျန်နေသေးတဲ့အပေါ် အထူးစိုးရိမ်မိတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ဒီကနေ့ မေလ ၁ဝ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

မြန်မာ့တပ်မတော်ဟာ ရွာသား ၂၇၅ ယောက်ကို ထိန်းသိမ်းထားစဉ် မေလ ၂ ရက်နေ့မှာ သေနတ်နဲ့ ပစ်ခတ်တဲ့အတွက် ခြောက်ယောက်သေဆုံးပြီး  ရှစ်ယောက်ဒဏ်ရာရှိခဲ့ပါတယ်။ ရွာသားတွေက စစ်သားတွေရဲ့ သေနတ်တွေကို လုယူဖို့ကြိုးစားတဲ့အတွက် ပစ်ခတ်ရတာလို့ တပ်မတော်ဘက်က ပြောပေမယ့် ထိန်းသိမ်းခံခဲ့ရသူ မျက်မြင်သက်သေတွေကတော့ ဒါကို ငြင်းဆိုပါတယ်။ အဖမ်းခံထားရသူ တစ်ယောက်က ထွက်ပြေးဖို့ကြိုးစားချိန်မှာ စစ်သားတွေက သေနတ်နဲ့ လူအုပ်ကြားကို ပစ်ခဲ့တာလို့ သူတို့က ပြောပါတယ်။ တပ်မတော်ဘက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ အဖွဲ့တခုဖွဲ့စည်းခဲ့ပါတယ်။

ဒါပေမဲ့လည်း အခုအချိန်ထိ မလွတ်ဘဲကျန်နေသေးတဲ့ လူ ၅ဝ လောက်ဟာ ရှေ့နေငှားခွင့်လည်းမရှိ၊ ကျန်းမာရေးစောင့်ရှောက်မှုလည်းမရှိ၊ တခြားဘာအကာအကွယ်မှလည်းမရရှိဘဲ အထိန်းသိမ်းခံ နေရဆဲဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီကိစ္စမတိုင်ခင် ဧပြီလ ၉ ရက်နေ့မှာ ရခိုင့်တပ်မတော် AA နဲ့ မြောက်ဦးမှာ တိုက်ပွဲဖြစ်ပြီးတဲ့နောက် တပ်မတော်က ရခိုင်တိုင်းရင်းသား ၂၇ ယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ အဲဒီနောက် ဧပြီလ ၂၂ ရက်နေ့မှာ အဲဒီ ၂၇ ယောက်ထဲက ၃ ယောက်ဟာ သေဆုံးရပြီး မိသားစုဆီ အကြောင်းမကြားရသေးခင်မှာဘဲ သူတို့ရဲ့အလောင်းတွေကို စစ်တပ်က သြင်္ဂိုလ်ခဲ့ပါတယ်။ အခုလို ဥပဒေနဲ့မညီတဲ့ သတ်ဖြတ်မှု၊ ဖမ်းဆီးမှု၊ ထိန်းသိမ်းမှုစစ်ဆေးမှု၊ စာသင်ကျောင်းတခုကို စစ်ရေးရည်ရွယ်ချက်နဲ့ အချိန်အကြာကြီး အသုံးချမှုနဲ့ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတခုက ကျေးရွာသား အစုလိုက်အပြုံလိုက်ကို အကြမ်းဖက်တဲ့ အပြုအမူတွေ ကျူးလွန်တာတွေအပေါ်လည်း UNHCHR အနေနဲ့ အထူးစိုးရိမ်မိတယ်လို့ဆိုပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့အကြားက စစ်ရေးတင်းမာမှုဟာ ဒီကာလတွေအတွင်း အရှိန်မြင့်လာနေပြီး အစိုးရအပါအဝင် စစ်ရေးပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အားလုံးအနေနဲ့ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတွေကို လေးစားလိုက်နာဖို့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အစိုးရအနေနဲ့ ရခိုင်မြောက်ပိုင်းအပါအဝင် ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေအားလုံးမှာ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေ ပေးအပ်ခွင့်ပြုဖို့လည်း တောင်းဆိုထားပါတယ်။ လူ့အခွင့်အရေးတွေ ဆက်ပြီးချိုးဖောက်နေတာ၊ အပြစ်မဲ့အရပ်သားတွေကို အရေးယူနေတာတွေဟာ AA နဲ့ တပ်မတော်ကြားက ပဋိပက္ခတွေကို ပိုပြီးမီးထိုးပေးသလိုသာ ဖြစ်လိမ့်မယ်လို့လည်း UNHCHR က ထောက်ပြထားပါတယ်။

ငြိမ်းချမ်းရေးဟာ အမှန်တရားရှိရာမှာသာ ပေါ်ထွန်းနိုင်ပြီး ဘယ်လိုတိုးတက်မှုမျိုးမှ မဖန်တီးနိုင်ဘဲနဲ့ ငြိမ်းချမ်းရေးလည်း မရနိုင်ပါဘူးလို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။