ဖားကန့် စစ်ဘေးဒုက္ခသည်တွေကို UNHCR နဲ့ ဒိန်းမတ်အဖွဲ့က ပစ္စည်းများ စတင်ဖြန့်ဝေ


2013.02.21
pharkant_305.jpg ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းများ ဖားကန့်စစ်ဘေးရှောင် ကယ်ဆယ်ရေး စခန်းကို သွားရောက်လှူဒါန်းတဲ့ပုံ
Photo: RFA/Kyaw Myo Min

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းတွင်း ဒေသဘက်ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေရဲ့ အရေးပေါ် အကူအညီပစ္စည်းတွေကို စစ်ဘေးဒုက္ခသည်တွေရဲလက်ထဲ စတင်ဝေငှပေးနေပြီလို့  စုံစမ်းသိရှိရပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)က မစ္စတာ ဒင်စီနဲ့ ဒိန်းမတ်နိုင်ငံက မစ္စတာ မက်ကောနားတို့ ဦးဆောင်တဲ့ အဖွဲ့က ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာက ကယ်ဆယ်ရေး စခန်းတွေမှာ  လာရောက်ဖြန့်ဝေတာနဲ့ ပတ်သက်ပြီး ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေတဲ့ ဒေသခံ တစ်ဦးက RFA ကို အခုလို ပြောပြပါတယ်။

“ကုလသမဂ္ဂ မဟာမင်းကြီးရုံး ကနေပြီးတော့မှ ထောက်ပံ့ရေးပစ္စည်းများ မနေ့က ရောက်လာပါတယ်၊ ၃ နာရီ ၁၉ မိနစ်မှာရောက်လာပြီးတော့ လူဦးရေကတော့ ကလေး၊ လူကြီး ၁၀၀၆ ယောက်ရှိပါတယ်၊ ကျနော်တို့ ဆိုင်းတောင်ကိုရော အားလုံးခြုံပြီးတော့မှ ၁၄၀၆  ယောက်စာ ဆန်အိပ်ပေါင်း ၂၅၇ အိတ်၊ ဆီကတော့ ၈၄ ဖာ၊ နောက် ပဲအိတ်များ၊ ဆားများ၊ အဟာရများကို လှူဒါန်းသွားပါတယ် ခင်ဗျ”

အဲဒီ လှူဒါန်းမှုတွေဟာ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာက ကယ်ဆယ်ရေးစခန်းတွေမှာ လာရောက်ခိုလှုံနေကြတဲ့ ဝှေခါ-မှော်သစ်ကုန်း၊ ဂျန်ဂါနဲ့ မှော်ဂဠုန်ကျေးရွာတွေဘက် စစ်ဘေးဒုက္ခသည်တွေရဲ့ လူဦးရေအချိုးအစားနဲ့ဆိုရင် လိုအပ်ချက်ရှိနေဆဲပဲလို့ ဆက်လက် ပြောပါတယ်။

ဖားကန့် ကျောက်စိမ်းတွင်းဒေသက ကယ်ဆယ်ရေးစခန်းတွေမှာ စစ်ဘေး ဒုက္ခသည် ခုနှစ်ထောင် ဝန်းကျင်ရှိတယ်လို့ စုံစမ်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။