ရခိုင်ပြည်နယ်ကို ပိုမို ကူညီကြဖို့ UNHCR လက်ထောက်မင်းကြီး တိုက်တွန်း
2015.07.20
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွက် ကူညီထောက်ပံ့မှုတွေ ပိုမိုဆောင်ရွက်ပေးကြဖို့ ကုလသမဂ္ဂဒုက္ခသည်များ ကာကွယ်စောင့်ရှောက်ရေးဌာန လက်ထောက် ကော်မရှင်နာမင်းကြီး Volker Turk က ဆော်သြလိုက်ပါတယ်။
သူ့ရဲ့ ငါးရက်ကြာ ရခိုင်ပြည်နယ် ခရီးစဉ်အပြီး အခုလို ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်း ပြောဆိုခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ရှေ့ရေးအနာဂတ်ဟာ ပါဝင်နေသူအားလုံးရဲ့ အနာဂတ်အပေါ် မူတည်နေကြောင်း၊ လက်ရှိ ဖေါ်ဆောင်နေတဲ့ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ရဲ့ အကျိုးအမြတ်တွေကို တိုင်းပြည်မှာရှိတဲ့ လူတိုင်း လူတိုင်း ခံစားရရှိသင့်ကြောင်းလည်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ခရီးစဉ်အပြီးမှာ လက်ထောက် ကော်မရှင်နာမင်းကြီး Volker Turk က သူ့ရဲ့တွေ့ရှိချက် တွေကို ရန်ကုန်မြို့မှာ သံတမန်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ကိုယ်စားလှယ် တွေကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။
ဘင်္ဂလားပင်လယ်အော်အတွင်းလှေတွေနဲ့ နေရာပြောင်းရွှေ့ဖို့ ကြိုးစားနေကြသူတွေ ကိစ္စဖြေရှင်းရေးအတွက် အဓိကအချက်ဟာ ရခိုင်ပြည်နယ်မှာ ငြိမ်းငြိမ်းချမ်းချမ်း အတူနေထိုင်နိုင်ရေးအတွက် အားလုံးအတူတကွ ပူးပေါင်း ဆောင်ရွက်ကြဖို့ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။