ရခိုင်ပြည်နယ်က ကလေးတွေအတွက် ဒေါ်လာ ၁၉ သန်း ယူနီဆက် သုံးမယ်


2016.07.15
unicef-rakhine-children-620.jpg UNICEF ရဲ့ ရခိုင်ပြည်နယ်က ကလေးတွေအတွက် ပြည်နယ်အဆင့်လုပ်ငန်းစီမံချက်(၂ဝ၁၆-၂ဝ၁၇) မိတ်ဆက်တင်ပြခြင်း အခမ်းအနားကို ဇူလိုင်လ ၁၅ ရက်နေ့က စစ်တွေမြို့မှာ ကျင်းပစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်က ကလေးသူငယ်တွေအတွက် ၂၀၁၆-၁၇ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၉ သန်းလောက် သုံးစွဲပြီး အကူအညီတွေပေးသွားမယ်လို့ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ UNICEF က ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာဆောင်ရွက်မယ့် လုပ်ငန်းစီမံချက်နဲ့ပတ်သက်ပြီး စစ်တွေမြို့မှာ ဒီနေ့ပြုလုပ်တဲ့ ရှင်းလင်းပွဲမှာ UNICEF မြန်မာရဲ့ ကွင်းဆင်းရေးရာဌာနအကြီးအကဲ Mr Rajen Kumar Sharma က အကူအညီအကြောင်း အခုလိုပြောပါတယ်။

"UNICEF ရဲ့ အကူအညီမှာ ရခိုင်ပြည်နယ်က သန်းနဲ့ချီတဲ့ သဘာဝဘေး ၊ ပဋိပက္ခ နဲ့ ဆင်းရဲနွမ်းပါး မှုကြောင့် ဒုက္ခရောက်ရသူတွေ အားလုံးကို ခွဲခြားမှုမရှိဘဲ အကူအညီပေးသွားမယ်" လို့ Mr. Sharma က ပြောသွားတာဖြစ်ပါတယ်။

ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး စတဲ့ကဏ္ဍတွေအတွက် ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှာ ကျန်းမာရေး၊ ပညာရေး၊ လူမှုဝန်ထမ်း ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး စတဲ့ဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ လူဦးရေ ၃.၇ သန်းရှိတဲ့အနက် ကလေးဦးရေဟာ ၁.၄ သန်းလောက်ရှိပြီး အဲ့ဒီအထဲက ကလေး ၃ ယောက်မှာ တစ်ယောက်နှုန်း ကျောင်းမနေနိုင်ကြဘူးလို့လည်း Mr Rajen Kumar Sharma က ပြောပါတယ်။

ဒါ့အပြင် ကလေး ၄ ဦးမှာ တစ်ဦးနှုန်းလောက် မွေးစာရင်းမရှိကြသလို ဘူးသီးတောင်၊ မောင်တောဒေသဘက်က ကလေး ၅ ဦးမှာ တစ်ဦးနှုန်းဟာ အဟာရချို့မှုကို ခံစားနေရတယ်လို့လည်း ပြောပါတယ်။

UNICEF အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၅-၁၆ ခုနှစ် စီမံချက်ကို ရခိုင်ပြည်နယ် မြို့နယ် ၆ ခုလောက်သာ ဆောင်ရွက်နိုင်ခဲ့ပေ မယ့် အခု ၂၀၁၆-၁၇ ခုနှစ်ကစပြီး မြို့နယ် ၁၇ ခုစလုံးကို တိုးချဲ့ဆောင်ရွက်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။