ကလေးများအရေး ပါတီတွေ ဦးစားပေးဖို့ ကုလသမဂ္ဂ တိုက်တွန်း


2015.11.04

မြန်မာနိုင်ငံရဲ့ အနာဂတ်ခေါင်းဆောင်တွေ၊ နောက်လာမယ့် အစိုးရသစ်တွေအနေနဲ့ နိုင်ငံတွင်းက ကလေးတွေကို ဗဟိုပြုဦးစားပေးပြီး၊ ကလေးတွေရဲ့ဘဝ အစကောင်းအောင် ဖန်တီးပေးကြဖို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF နဲ့ Save the Children ကလေးများ ကူညီစောင့်ရှောက်ရေးအဖွဲ့တို့က တိုက်တွန်းလိုက်ကြပါတယ်။

အဲ့ဒီအဖွဲ့ နှစ်ဖွဲ့ဟာ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမတိုင်ခင် လပေါင်းအတော်ကြာကတည်းက နိုင်ငံရေး ပါတီပေါင်း ၈ဝ ကျော်ကို ဆက်သွယ်ပြီး၊ ကလေးတွေအတွက် မူဝါဒကောင်းတွေ ချမှတ်ကြဖို့ ဆော်သြခဲ့တာဖြစ် ပါတယ်။

UNICEF ရဲ့ စာရင်းဇယားတွေအရ မြန်မာနိုင်ငံမှာ ကလေးငယ် ၆ဝ ရာနှုန်းကျော်ဟာ ဆင်းရဲတဲ့အခြေအနေမှာ ရှိနေပြီး၊ ကလေး ၁၄ ယောက်မှာ တစ်ယောက်ဟာ အသက် ၅ နှစ်ပြည့်အောင် မနေရဘူးလို့သိရပါတယ်။ ဒါ့ပြင် အသက် ၅ နှစ်ကနေ ၁၈ ကြား ကလေးတွေရဲ့ သုံးပုံတစ်ပုံဟာ ကျောင်းမနေရဘဲ မိသားစုစားဝတ်နေရေးအတွက် အလုပ်လုပ်နေကြရပါတယ်။ မြန်မာ မိသားစု ၇ဝ ရာနှုန်းဟာလည်း ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ဆင်းရဲတဲ့ အဆင့်နီးပါး အခြေအနေမှာရှိနေကြတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အစိုးရ အသုံးစရိတ်တွေမှာ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဖူလုံရေး ကဏ္ဍတွေအတွက် ၉ ရာနှုန်းကနေ ၁၅ ရာနှုန်းအထိ တိုးမြှင့်သတ်မှတ်သုံးစွဲဖို့ တိုက်တွန်းထားကြပါတယ်။

ဒါ့ပြင် နိုင်ငံရေးပါတီတွေရဲ့ ကြေညာစာတမ်းတွေမှာ ကလေးတွေအတွက် ဘယ်လိုဘယ်ပုံ ဆောင်ရွက်ပေးမယ်ဆို တာတွေ ထည့်သွင်းဖို့၊ မဲဆန္ဒရှင်တွေအနေနဲ့လည်း နိုင်ငံရေးပါတီတွေက မဲဆွယ်စည်းရုံးတဲ့အခါ ကလေးတွေ အတွက် မူဝါဒကောင်းတွေ ပါမပါ ဦးစားပေး ဆုံးဖြတ်ကြတဲ့ အနေအထားကိုရောက်ရှိလာဖို့ မျှော်လင့်ကြောင်း UNICEF အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။