ပြည်သူ့ဘဏ္ဍာငွေ ဆုံးရှုံးမှု စုံစမ်းစစ်ဆေးပေးဖို့ CAfT အဖွဲ့ တောင်းဆို
2020.08.18
၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု စာရင်းစစ်ချုပ်အစီရင်ခံစာအရ နိုင်ငံတော်ဘဏ္ဍာရေး အခြေအနေ တွေကို ပြည်သူတွေ ပွင့်လင်းမြင်သာစွာ သိနိုင်အောင်ထုတ်ပြန်ပေးဖို့နဲ့ ဆုံးရှုံးနစ်နာနေတာတွေကိုလည်း ကျော်ကြားမှုမြောက်တဲ့ အဂတိဖြစ်စဉ်ဖြစ်တဲ့အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နဲ့ ချိတ်ဆက် ဖော်ထုတ်ပေးဖို့ ပွင့်လင်းမြင်သာ လူထုလှုပ်ရှားမှုအဖွဲ့ (CAfT) က ဒီကနေ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။
ပြည်သူ့ဘဏ္ဍာတွေ ဆုံးရှုံးမှုမရှိစေရေးအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရဲ့ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ် အစီရင်ခံစာမှာပါတဲ့ နိုင်ငံတော်ရဲ့ဘဏ္ဍာရေးသုံးစွဲမှု အခြေအနေမှန်တွေကို ပြည်သူတွေထံ ပွင့်လင်းမြင်သာစွာ ချပြပေးဖို့လိုတယ်လို့ ပွင့်လင်းမြင်သာ လူထုလှုပ်ရှားမှုအဖွဲ့ (CAfT) က တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆိုရာမှာ ဒီအဖွဲ့က ဘဏ္ဍာရေး အချက်အလက် လေ့လာသူ ဒေါ်သန်းသန်းမြင့်က စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာပါ လေလွင့်နေတဲ့ ပြည်သူ့ဘဏ္ဍာတွေအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နဲ့ ချိတ်ဆက်ဆောင်ရွက်ပေးစေလိုတယ်လို့ ပြောပါတယ်။
“ဒီစာရင်းစစ် အစီရင်ခံစာဟာ ကြီးမားသော ဆုံးရှုံးမှုတွေကိုဖော်ပြတဲ့ ကျော်ကြားမှုမြောက်သော ခိုင်မာသော စာတမ်း၊ ဒါကို အဂတိကော်မရှင်နဲ့ ချိတ်ဆက်ဆောင်ရွက်ပါလို့ ကျွန်မ တင်ပြတာ၊ ဒီမှာကြည့်ပါဦး ဒီဟာတွေ ဟာဘာလဲ၊ တိုင်စရာ မလိုဘူးလေ၊ ကျော်ကြားမှုအဖြစ်နဲ့ သိနေပြီးသား၊ စာရင်းစစ်အစီရင်ခံစာဟာ ခိုင်သော record အဖြစ်နဲ့ အဂတိကော်မရှင်နဲ့ ချိတ်ဆက်ဆောင်စေလိုပါတယ်”
ပြည်သူတွေအနေနဲ့ မေးနေတာထက် ကော်မရှင်အနေနဲ့ ဘယ်လိုဖြေရှင်းမလဲ မေးမြန်းစုံစမ်းမယ်ဆိုရင် ဘဏ္ဍာငွေဆုံးရှုံးနေတာတွေ အတိုင်းအတာတစ်ခုအထိ သက်သာသွားမှာဖြစ်တယ်လို့ ဒေါ်သန်းသန်းမြင့်က ဆိုပါတယ်။
စာရင်းစစ်ချုပ် အစီရင်ခံစာမှာပါတဲ့ ဟံသာဝတီလေဆိပ် စီမံကိန်းအတွက် ဆုံးရှုံးသွားတဲ့ငွေတွေ၊ စိုက်ပျိုးရေး ဦးစီးဌာနရဲ့ မအောင်မြင်ပဲရပ်ဆိုင်းသွားတဲ့ စီမံကိန်းတွေ၊ ကျပ်ငွေ ဘီလီယံ လေးရာကျော်ရှုံးနေတဲ့ မြင်းခြံ ဓာတ်ငွေ့စက်ရုံ၊ ကျပ်ငွေ ၇၇ သန်း ဆုံးရှုံးနေတဲ့ ဗဟိုဆေးသိုလှောင်ရုံဌာနရဲ့လုပ်ငန်း သက်တမ်းလွန်ဆေးဝါး၊ ကာလပေါက်ဈေးထက် နည်းနေတဲ့ အင်စိန်ဆေးဝါးစက်ရုံပိုင် မြေငှားခ၊ ဗိုလ်ချုပ်အောင်ဆန်း ဘောလုံးကွင်း ပတ်လည်က ဈေးဆိုင်ခန်းတွေနဲ့ ဒိုင်းမွန်းရေခဲစက်၊ ဒဂုံအချိုရည်နဲ့ အီဒင်ဂိုဒေါင် ငှားရမ်းခတွေကိုပါ စစ်ဆေးဖို့လိုတယ်လို့ ဒီအဖွဲ့က ပြောပါတယ်။
ရန်ကုန်မြို့က ဒိုင်းမွန်းရေခဲစက်၊ ဒဂုံအချိုရည်နဲ့ အီဒင်ဂိုဒေါင် သုံးခုရဲ့ငှားရမ်းခမှာတင် တစ်နှစ်ကို ကျပ်ငွေ သိန်း ၈၂၀၀ ခန့် နစ်နာနေတဲ့အတွက် ပြည်ထောင်စု ဝန်ကြီးတွေအနေနဲ့ စာရင်းစစ်ချုပ် အစီရင်ခံစာကို ဖတ်ရှုလေ့လာပြီး လိုအပ်တာတွေ ဆောင်ရွက်စေချင်တယ်လို့ ဒေါ်သန်းသန်းမြင့်က ပြောပါတယ်။
“လမ်းမတော် ဝါးတန်းလမ်းမှာရှိတဲ့ ဒိုင်းမွန်းရေခဲစက်၊ ဗိုလ်တထောင်ဈေးမှာရှိတဲ့ အီဒင်ဂိုဒေါင်ရယ် စမ်းချောင်းမှာရှိတဲ့ ဒဂုံအချိုရည်ရယ်ဟာ သတ်မှတ်ထားတဲ့ တစ်စတုရန်းပေဈေးထက်နည်းတယ်၊ နည်းတဲ့ အတွက် သူတို့ရဲ့အသုံးပြုနေတဲ့ စတုရန်းပေနဲ့မြှောက်လိုက်ရင် အဲသုံးခုတည်းနဲ့တင် ကျပ်သိန်းပေါင်း ရှစ်ထောင့်နှစ်ရာလောက် နစ်နာတယ် ဒါတစ်နှစ်အတွက်နော်၊ အဲဒါတွေကို ပြည်ထောင်စုဝန်ကြီးက စာချုပ်တွေပြင်စေချင်တယ်၊ ထပ်ပြီးတော့ ကျွန်မ တောင်းဆိုပါတယ်၊ အခုလက်ရှိ ပြည်ထောင်စု ဝန်ကြီးများဟာ စာရင်းစစ်အစီရင်ခံစာကိုဖတ်ပြီးတော့မှ စာချုပ်တွေ မမျှတရင် ပြင်ဆင်စေချင်ပါတယ်၊ ရရန်အကြွေးတွေ မရရင် တောင်းစေချင်ပါတယ်၊ ဒဏ်ကြေးတွေကို ထိုက်တန်စွာ တပ်စေချင်ပါတယ်၊ ပြီးရင် စာရင်းစစ်ကို ပြန်ကြားစေလိုပါတယ်”
ဘတ်ဂျက်ငွေကို သေချာစိစစ်စေချင်တာက ဘဏ္ဍာငွေပိုလာရင် လူကယ်ပြန်ဌာန၊ ပညာရေးနဲ့ ကျန်းမာရေး ဌာနတွေကို ပေးနိုင်တာကြောင့်ဖြစ်တယ်လို့ ဒေါ်သန်းသန်းမြင့်က ဆိုပါတယ်။
နိုင်ငံတော် အစိုးရအနေနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ ဌာန ခြောက်ခုစလုံး အရှုံးပေါ်နေပြီး အကြွေးတွေရဖို့ ကျန်နေတယ်လို့ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ် အစီရင်ခံစာထဲမှာ ဖော်ပြထားတာနဲ့ ပတ်သက်ပြီး ဘယ်လိုဖြေရှင်းမလဲ ဆိုတာကိုလည်း သိလိုကြောင်း ဒီအဖွဲ့က ပြောပါတယ်။
ဖက်စပ်လုပ်ငန်းတွေထဲက မြန်မာ့ရုပ်မြင်သံကြား(MRTV) ဆိုရင် ကျပ် ၈၉ သန်းရှုံးပြီး မြန်မာ့သင်္ဘောကျင်းက ကျပ် ၆ ဘီလီယံကျော် ရှုံးနေတယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
MRTV ရဲ့ ပြည်သူ့ဘဏ္ဍာဆုံးရှုံးမှုနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်ကို ကို RFA က ဒီကနေ့ ဆက်သွယ်ရာမှာ အစည်းအဝေး ရှိနေတယ်ဆိုတာကြောင့် မေးမြန်းခွင့် မရခဲ့ပါဘူး။
လက်ရှိအာဏာရပါတီ NLD ရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်ကတော့ အစိုးရအနေနဲ့ စာရင်းစစ်ချုပ်အစီရင်ခံစာမှာပါတဲ့ မြေငှားခနည်းတဲ့ စာချုပ်တွေကို ပြန်လည်ပြန်ဆင်ဖို့ လုပ်ဆောင်တာတွေ ရှိတယ်လို့ပြောပါတယ်။
“အဲဒါက မှန်ကန်တဲ့ အယူအဆပါပဲ၊ ကျွန်တော်တို့ အစိုးရမတိုင်ခင် အရင်အစိုးရ လက်ထက်မှာ ကန်တော်ကြီး တို့ဘာတို့ အပါအဝင် နေရာတော်တော်များများမှာ သူတို့မြေငှားခဲ့ကြတာရှိတယ်၊ ငှားတာက တန်ဖိုးနည်းနည်း လေးနဲ့ငှားပြီး အလုပ်လုပ်နေကြတာရှိတယ်၊ အဲဒါတွေက အခုနောက်ပိုင်း စာရင်းစစ်အစီရင်ခံစာတွေ ထွက် လာတဲ့နောက်ပိုင်း ဒီဟာတွေကိုတွေ့လာရတယ်ပေါ့၊ အဲတော့ နောက်ကာလတွေမှာတော့ ဒါကို လက်မခံ တော့ဘူး၊ ဒါတွေကို စိစစ်ပြီးတော့ ငှားရမ်းထားတဲ့စာချုပ်တွေကို ဘယ်လိုပြင်လို့ရမလဲဆိုတာ စဉ်းစားကြရ တာတွေရှိပါတယ်၊ မှန်ပါတယ်”
ဒါ့အပြင် စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ ရဖို့အကြွေး အမေရိကန်ဒေါ်လာ ၉ သိန်းရှိပြီး အမှတ်(၁) သတ္တုတွင်း လုပ်ငန်းကလည်း သူနဲ့ဖက်စပ်လုပ်ကိုင်နေတဲ့ ကုမ္ပဏီထဲကနေ ရွှေစင် ၇၂၇၀ ပိဿာရဖို့ ကျန်ရှိနေတယ်လို့လည်း အစီရင်ခံမှာ ဖော်ပြထားပါတယ်။
မြန်မာ့စီးပွားရေးဘဏ်ကနေ စီမံကိန်းနဲ့ မူဝါဒချေးငွေအဖြစ် ထုတ်ချေးထားတဲ့ ကျပ် ၅၀၀ ဘီလီယံနဲ့ ဆောင်ရွက်နေတဲ့ နေပြည်တော် လေဆိပ်၊ နိုင်ငံတော် ဧည့်ဂေဟာ၊ ရေအားလျှစ်စစ် စီမံကိန်း၊ အိမ်ရာနဲ့ ဆေးရုံတွေရဲ့ လုပ်ငန်းပြီးစီးမှု အခြေအနေ၊ အတိုးနဲ့အရင်းပြန်ဆပ်မှု အခြေအနေတွေကိုလည်း ပြည်သူတွေထံ ချပြဖို့လိုတယ်လို့ ဒီအဖွဲ့က ထောက်ပြပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျတ်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးကတော့ ပွင့်လင်းမြင်သာ လူထုလှုပ် ရှားမှုအဖွဲ့က ဒီနေ့ထောက်ပြတဲ့ အချက်အလက်တွေကို သေချာမတွေ့ရသေးတာကြောင့် တစ်စုံတစ်ရာ မှတ်ချက် ပေးလို့ မရေသေးကြောင်းနဲ့ သေချာဖတ်ရှုပြီးမှသာ ပြောနိုင်မယ်လို့ RFA ကို ပြောပါတယ်။
ပွင့်လင်းမြင်သာ လူထုလှုပ်ရှားမှုအဖွဲ့ (CAfT) အနေနဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရဲ့ ဘဏ္ဍာနှစ်အလိုက် အစီရင်ခံစာတွေပေါ် ပြည်သူ့ဘဏ္ဍာငွေတွေ အလေ့အလွင့် မရှိစေရေးအတွက် ထောက်ပြမှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။