ကြားဖြတ်ရွေးကောက်ပွဲကို လူ့အခွင့်အရေးကော်မရှင် စောင့်ကြည့်လေ့လာမည်
2018.10.11

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြိုင်ဆိုင်မှုပြင်းထန်နိုင်တဲ့ မဲဆန္ဒနယ် ခြောက်နေရာမှာ စောင့်ကြည့်လေ့လာသွားမယ်လို့ ကော်မရှင်တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အနေနဲ့ ရွေးကောက်ပွဲတွေကို အရင်က စောင့်ကြည့်လေ့လာတာမျိုး မရှိခဲ့ဘဲ နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကို ပထမဆုံးအကြိမ်အဖြစ် စောင့်ကြည့်လေ့လာသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောပါတယ်။
"အရင်တုန်းက ဒီဥစ္စာကိုလုပ်ဖို့ အချိန်မရတာလည်းတကြောင်း၊ နောက်တစ်ခုက ဒီလိုထဲထဲဝင်ဝင်လုပ်ဖို့လည်း အန်ကယ်တို့ မဆွေးနွေးဖြစ်ခဲ့ဘူး၊ အခု အင်တာနေရှင်နယ်မှာ နိုင်ငံတကာ လူ့အခွင့်အရေးကော်မရှင်တွေကလည်း သူတို့နိုင်ငံက ရွေးကောက်ပွဲတွေမှာ မျှတမှုရှိ မရှိ လူ့အခွင့်အရေးနဲ့ လိုက်လျောညီထွေမှုရှိ မရှိ လုပ်ကြတယ်ဆိုတော့ နိုင်ငံတကာမှာလုပ်တယ် ဒို့လည်းလုပ်မယ်ဆိုတဲ့သဘောပါပဲ၊ အန်ကယ်တို့ ၆ နေရာလောက် လျာထားပါတယ်၊ အရေးကြီးမယ်လို့ထင်မယ့်နေရာ၊ အများပြည်သူလည်း စိတ်ဝင်စားမယ်ထင်တဲ့နေရာ၊ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း နည်းနည်းလေး ထိလွယ်ရှလွယ် ဖြစ်နိုင်တယ်လို့ ယူဆတဲ့နေရာတွေကို ရွေးလိုက်တယ်"
ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာရှိတဲ့အနက်က ယှဉ်ပြိုင်မှုပြင်းထန်ပြီး အများစိတ်ဝင်စားနိုင်တဲ့ မဲဆန္ဒနယ်တွေဖြစ်တဲ့ မြစ်ကြီးနား၊ မင်းဘူး၊ ပဲခူး၊ မန္တလေးနဲ့ ရန်ကုန်က တာမွေမြို့နယ်၊ ဆိပ်ကမ်းမြို့နယ် တို့ကို စောင့်ကြည့်လေ့လာမယ်လို့ ကော်မရှင်က ပြောပါတယ်။
လူ့အခွင့်အရေးကော်မရှင်က စောင့်ကြည့်လေ့လာသွားမယ့်အချက်တွေဟာ မဲပေးခွင့်ရှိသူတွေ လွယ်လွယ်ကူကူမဲပေးနိုင်ခြင်းရှိ မရှိ၊ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းသူတွေအတွက် မဲလွယ်လွယ်ကူကူပေးနိုင်အောင် စီစဉ်ထားတာမျိုးရှိ မရှိ ဆိုတာတွေကို စောင့်ကြည့်သွားမှာဖြစ်ပါတယ်။
ဒါ့အပြင် မဲပေးရာမှာ လုံခြုံမှုရှိ မရှိ၊ ခြိမ်းခြောက်မှုတွေ အဓမ္မစည်းရုံးမှုတွေ ရှိမရှိနဲ့ မဲပေးတဲ့အခါ ပြဿနာတစ်စုံတရာ ပေါ်ပေါက်လာရင် ဖြေရှင်းတဲ့ပုံစံတွေကို စောင့်ကြည့်လေ့လာသွားမယ်လို့ ဦးယုလွင်အောင် က ပြောပါတယ်။
ရွေးကောက်ပွဲပြီးနောက်ပိုင်းမှာတော့ ရရှိလာတဲ့ လေ့လာတွေ့ရှိချက် အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံ ပေးပို့သွားမှာဖြစ်ပြီး အများပြည်သူသိရှိအောင်လည်း ထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။