၀န်ကြီးဌာန နှစ်ခု တိုးချဲ့ဖွဲ့စည်းဖို့ လွှတ်တော်ထံ သမ္မတစာပေးပို့
2017.11.20
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနတို့ကို ထပ်မံ တိုးချဲ့ဖွဲ့စည်းဖို့အတွက် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ထံ စာပေးပို့ထားကြောင်း နာယက မန်းဝင်းခိုင်သန်းက ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကြေညာခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနအတွက် ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးကျော်တင်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအတွက် ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးသောင်းထွန်း တို့ကို ခန့်အပ်တာဝန်ပေးလိုကြောင်း နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော် နာယကထံ စာပေးပို့ထား တာဖြစ်ပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအတွက် ပြည်ထောင်စုဝန်ကြီးအဖြစ် အဆိုပြုခံရတဲ့ ဦးသောင်းထွန်းဟာ လက်ရှိမှာ အမျိုးသား လုံခြုံရေး အကြံပေးတာဝန်ယူထားသူဖြစ်ပါတယ်။ ဦးသောင်းထွန်း လက်ရှိတာဝန်ယူထားတဲ့ အမျိုးသားလုံခြုံရေး အကြံပေးနေရာအတွက် ဘယ်လိုဆက်လက် ဆောင်ရွက်မယ်ဆိုတာကိုတော့ ရှင်းရှင်းလင်း လင်း မသိရသေးပါဘူး။
လက်ရှိ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးကျော်တင်ကတော့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးအဖြစ် အဆိုပြုခံရတာပါ။
အရင်အစိုးရလက်ထက်မှာ ပြည်ထောင်စုဝန်ကြီးဌာန ၃၆ ခုရှိခဲ့ပေမယ့် လက်ရှိ NLD အစိုးရသစ် လက်ထက်မှာ ဝန်ကြီးဌာန ၂၂ ခု ရှိခဲ့ပြီး အခုအသစ်ထပ်တိုးဖဲ့ွစည်းမယ့် ဝန်ကြီးဌာန ၂ ခုနဲ့ဆိုရင် ၂၄ ခုရှိမှာဖြစ်ပါတယ်။
မတ်လ ၂၂ ရက်နေ့က သမ္မတ ဦးထင်ကျော်ဟာ ပြည်ထောင်စုလွှတ်တော်ထံ အစိုးရသစ်လက်ထက်မှာ ဖွဲ့စည်းမယ့် ဝန်ကြီးဌာနတွေနဲ့ ဝန်ကြီးတွေ အမည်စာရင်းကို တင်သွင်းစဉ်မှာ ဝန်ကြီးဌာန ၂၁ ခုနဲ့ ဝန်ကြီး ၁၈ ဦး အမည်စာရင်း ကို တင်သွင်းခဲ့တာဖြစ်ပါတယ်။
အစိုးရသစ်လက်ထက်မှာ ဝန်ကြီးဌာန အရေအတွက်ကို လျှော့ချလိုက်တဲ့အတွက် အစိုးရသက်တမ်း ၅ နှစ်အတွင်း ကျပ်သန်းပေါင်း ၅ ထောင်ကျော် ချွေတာနိုင်ရာ ရောက်မှာဖြစ်တယ်လို့ သမ္မတ ဦးထင်ကျော်က အဲဒီတုန်းက ပြောကြားခဲ့ပါတယ်။
ဒီနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာပဲ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အသစ် ဖွဲ့စည်းဖို့ အတွက် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဌနဲ့ အမျိုးသားလွှတ်တော် ဥက္ကဌတို့က တာဝန်ပေးအပ်ဖို့ လျာထားသူစာရင်းကို လွှတ်တော်မှာ ကြေညာခဲ့ပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဌအဖြစ် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအောင်ကြည်ကို တာဝန်ပေးအပ်ဖို့ လျာထားတာဖြစ်ပါတယ်။
ဝန်ကြီးဌာန ၂ ခု တိုးချဲ့ဖွဲ့စည်းတာ၊ အဆိုပြုထားတဲ့ ဝန်ကြီး ၂ ဦး အမည်စာရင်းနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အသစ် ဖွဲ့စည်းရေးကိစ္စတွေကို လာမယ့် နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ဆွေးနွေးအတည်ပြုမှာဖြစ်ပါတယ်။