ဦးအောင်သောင်းနဲ့ မပတ်သက်ကြောင်း ယူနိုက်တက်အမရာဘဏ် ထုတ်ပြန်
2014.11.05

အမေရိကန်အစိုးရက ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးအောင်သောင်းကို ပိတ်ဆို့အရေးယူမှုလုပ်တဲ့ ကိစ္စဟာ သူ့ရဲ့သားဖြစ်သူ ဦးနေအောင် အစုရှယ်ယာ ထည့်ထားတဲ့ ယူနိုက်တက်အမရာဘဏ်နဲ့ ပတ်သက်မှု မရှိကြောင်းနဲ့ ယူနိုက်တက်အမရာဘဏ်ကို ဗဟိုဘဏ် က ထောက်ခံတာဝန်ယူထားတဲ့အတွက် မစိုးရိမ်ကြဖို့ ယူနိုက်တက် အမရာဘဏ်က မနေ့က သတင်းထုတ်ပြန် ခဲ့ပါတယ်။
ယူနိုက်တက်အမရာဘဏ်မှာ ငွေထုတ်သူတွေများနေ တယ်ဆိုပြီး အခုရက်ပိုင်းအတွင်း ကောလာဟလတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ ဗဟိုဘဏ်က ယူနိုက်တက်အမရာဘဏ် ကို ထောက်ခံကူညီထားတဲ့အတွက် စိုးရိမ်စရာမရှိဘူးလို့ ဘဏ်လုပ်ငန်းပညာရှင် ဦးဇော်လင်းထွဋ်က RFA ကို ပြောပါတယ်။
"ဘာပဲပြောပြော အခုပွင့်လင်းမြင်သာမှုတွေရှိလာပြီ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကလည်း ပြောထားပါတယ်၊ ဒါတွေအကုန်လုံးကို ဗဟိုဘဏ်ကနေပြီးတော့ သေချာစောင့်ကြည့်ပြီးတော့ ပံ့ပိုးကူညီသွားမယ်ဆိုတာမျိုး ပြော ထားပါတယ်၊ အဲ့ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့ ကြောက်စရာမလိုပါဘူးလို့ ကျနော်တို့က အသိပေးချင်ပါတယ်"
ယူနိုက်တက် အမရာဘဏ်ရဲ့ ကြေညာချက်ထဲမှာ အမေရိကန်အစိုးရရဲ့ အရေးယူပိတ်ဆို့မှုဟာ ဦးအောင်သောင်း တစ်ဦးတည်းကိုသာဖြစ်ကြောင်း ယူနိုက်တက်အမရာဘဏ်နဲ့ မသက်ဆိုင်ကြောင်း၊ လတ်တလော ငွေထုတ်သူတွေ များနေတယ်ဆိုတဲ့ ကောလာဟလတွေဟာ မှန်ကန်မှုမရှိကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ လမ်းညွှန်မှုတွေနဲ့ အညီ ဆောင်ရွက်နေကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရဲ့သား ဦးနေအောင်ဟာ ယူနိုက်တက် အမရာဘဏ်ရဲ့ ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးသာဖြစ်ကြောင်း၊ အမေရိကန်ပိတ်ဆို့အရေးယူမှုနဲ့ ပတ်သက်မှုလုံး၀ မရှိကြောင်းလည်း ပါရှိပါတယ်။
ဒီအတောအတွင်း သမ္မတအိုဘားမားရဲ့ မြန်မာပြည်ခရီးစဉ်မတိုင်ခင် မြန်မာလွှတ်တော်အမတ်တဦးဖြစ်တဲ့ ဦးအောင်သောင်းကို စီးပွားရေးပိတ်ဆို့အရေးယူတဲ့ အမည်မဲစာရင်းထဲမှာထည့်သွင်းလိုက်တာဟာ မြန်မာအစိုးရကို ပစ်မှတ်ထားရည်ရွယ်တာမဟုတ်ဘဲ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ကာကွယ်ဖို့သာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် Patrick Ventrell က ပြောလိုက်ပါတယ်။
ဒါဟာ ဒီမိုကရေစီလုပ်ငန်းစဉ်ကို အနှောက်ယှက်ပေးသူ တဦးချင်းကိုသာ ပစ်မှတ်ထားတာဖြစ်တယ်လို့ တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သူကပြောကြားခဲ့ပါတယ်။