Unity ဂျာနယ် သတင်းသမားတွေ ကို အီတလီ က ဆုချီးမြှင့်
2014.09.01

နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှု စွဲချက်နဲ့ တရားစွဲဆိုခံနေရတဲ့ Unity ဂျာနယ်က သတင်းထောက် ၄ ဦးနဲ့ အမှုဆောင်အရာရှိချုပ်တို့ကို အီတလီနိုင်ငံက သတင်းလွတ်လပ်ခွင့်အတွက် စွမ်းစွမ်းတမံ ဆောင်ရွက် သူတွေအဖြစ် ဂုဏ်ထူးဆောင် အီတလီနိုင်ငံသားဆု ချီးမြှင့်လိုက်ပါတယ်။
အဲ့ဒီဆုကို အီတလီအစိုးရက ချီးမြှင့်တာဖြစ်ပါတယ်။ ဆုအတွက်ရွေးချယ်ကြောင်း အကြောင်းကြားစာ ကို တရားရင်ဆိုင်နေရတဲ့ သတင်းထောက်တွေရဲ့ရှေ့နေ တစ်ဦးဖြစ်သူ ဦးရောဘတ်စန်းအောင်ဆီကို သြဂုတ်လ ၂၆ ရက်နေ့က သံတမန်တစ်ဦး လာရောက်ပေးအပ်ခဲ့ တာလို့ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
"အီတလီနိုင်ငံကနေ ချီးမြှင့်တဲ့ဆုကတော့ သတင်းလွတ်လပ်ခွင့်အတွက် စွမ်းစွမ်း တမံ ဆောင်ရွက်သူတွေကိုပေးတဲ့ ဂုဏ်ထူးဆောင်ဆုပါ၊ ဂုဏ်ထူးဆောင်နိုင်ငံသားပေါ့ဗျာ၊ ဘာကြောင့်ဒီလို ချီးမြှင့်ရသလဲဆိုတော့ အဲ့ဒီကနေလာတဲ့ သံတမန်ကို ကျနော်မေးတဲ့အခါမှာ ဒီပုဂ္ဂိုလ်တွေဟာ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ ကိုယ်ကျိုးစွန့်အနစ်နာခံ ဆောင်ရွက် ခဲ့တဲ့အတွက် သူတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးခြင်းဖြစ်တယ်လို့ဆိုပါတယ်"
ဆုရရှိသူတွေကတော့ Unity ဂျာနယ် သတင်းထောက်များဖြစ်တဲ့ ကိုပိုင်သက်ကျော်၊ ကိုစည်သူ၊ ကိုသဲရာဇာ၊ ကိုလူမော်နိုင်နဲ့ ဂျာနယ်အမူဆောင်အရာရှိချုပ် ဦးတင့်ဆန်းတို့ ဖြစ်ပါတယ်။
ဒီဆုအပ်နင်းပွဲကို လာမယ့် ဒီဇင်ဘာလအတွင်း ဆုရွေးချယ်ရေးကော်မတီက ရန်ကုန်မြို့ကို လာရောက်ချီးမြှင့်မယ် လို့ သိရပါတယ်။
Unity ဂျာနယ် သတင်းသမားတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့ Unity ဂျာနယ်မှာ ဖော်ပြထား တဲ့ ပေါက်မြို့နယ်က လျှို့ဝှက်ဓါတုစက်ရုံဆိုတဲ့ ဆောင်းပါးနဲ့ပတ်သက်ပြီး တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
အီတလီနိုင်ငံက ချီးမြှင့်မယ့်ဆုနဲ့ပတ်သက်ပြီး ဦးရောဘတ်စန်းအောင်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်း ခဲ့ပါတယ်။