ယူနတီ သတင်းထောက်တွေ ကို ထောင်ချမှု ပြည်မှာ ကန့်ကွက် ဆန္ဒပြ


2014.07.15
unity-reporter-protest-305 ယူနတီဂျာနယ် သတင်းထောက်တွေကို အလုပ်ကြမ်း နဲ့ထောင်ဒဏ် ၁ဝ နှစ်ချမှတ်လိုက်တဲ့အပေါ် ကန့်ကွက်တဲ့ အနေနဲ့ သတင်းမီဒီယာသမားတွေက ဇူလိုင်လ ၁၁ ရက်နေ့ မနက်က ရွှေတိဂုံဘုရားတောင်ဘက်မုဒ်မှာရှိတဲ့ ကြေးသွန်း ဘုရားမှာ ဝတ်ပြုဆုတောင်းစဉ်
Photo: Nay Myo Htun,Kyaw Lwin Oo/RFA

ယူနတီဂျာနယ်က အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက် ၄ ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တာကို ကန့်ကွက်ကြတဲ့ သတင်းထောက် ၂၀ လောက်ဟာ ဒီနေ့ ပြည်မြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ကနေ ပြည်ခရိုင်တရားရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

ပြည်မြို့ သရေခေတ္တရာမြို့ဟောင်းကို နိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဒီနေ့ လာရောက် ဖူးမြော် တာကို သတင်းမယူဘဲ ဆန္ဒပြကြတာဖြစ်ကြောင်း ပြည် မြို့က ဧရာဝတီသတင်းထောက် ကိုကောင်းမြတ်မင်း က ပြောပါတယ်။

"သရေခေတ္တရာမြို့ဟောင်းကို ဒုတိယသမ္မတ လာရောက်ကြည့်မယ်၊ ဘုရားဖူးမယ်ပေ့ါနော်၊ ဒီပွဲကို ကျနော်တို့ လုံးဝသတင်းသွားမယူဘူး၊ ပြီးရင် ယူနတီ ဂျာနယ်က သတင်းသမား ၅ ဦးကို နှစ်ရှည်ထောင်ဒဏ်ချမှတ်လို့ သမ္မတကိုလည်း သတင်းသွားမယူသလို ဒီမြန်မာပြည်ရဲ့ တရားစီရင်ရေးဟာ လုံးဝ သတင်းသမားတွေ၊ ပြည်သူတွေအပေါ် မျှတမှုမရှိတဲ့အကြောင်း ပေါ် လွင်ထင်ရှားတဲ့အတွက် ကျနော်တို့ ပြည်ခရိုင်တရားရုံးရှေ့မှာ ကျနော်တို့ ထိုင်သပိတ်ဆန္ဒပြကြပါ တယ်၊ ကြွေးကြော်သံတွေလည်း မအော်ဘူး၊ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချခြင်းသည် သတင်းထောက်တွေကို ဖိနှိပ်ခြင်းဖြစ်သည်ဆိုတဲ့ စတေကာတွေ ပါးစပ်မှာကပ်ပြီးတော့ အသံတိတ်ဆန္ဒပြကြ ပါတယ်"

ဆန္ဒပြခွင့်ကို ပြည်မြို့နယ်ရဲမှူးထံ တင်ခဲ့ပေမယ့် နိုင်ငံတော်အကြီးအကဲ ခရီးစဉ်ရှိတဲ့အတွက် ခွင့်ပြုမိန့် မပေးနိုင်ကြောင်း ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ဆန္ဒပြပွဲကို လက်ပံတန်း၊ အောင်လံနဲ့ ရန်ကုန်က သတင်းထောက် ၂၀ လောက် ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။