ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေက ၁၀ တန်းအောင်သူတွေ ဆေးကျောင်းတက်ခွင့်ရမည်
2018.09.05

သွားလာရေးခက်ခဲတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခုက ၁၀ တန်းအောင်မြင်သူတွေအနေနဲ့ ဆေးတက္ကသိုလ်တွေ ကို အမှတ်ကန့်သတ်ချက်မရှိဘဲ လျှောက်ထားနိုင်ပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ပါတယ်။
၂၀၁၈ ခုနှစ် ပညာသင်နှစ်မှာ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့် နဲ့ ၀ စတဲ့ဒေသ ၆ ခုက တက္ကသိုလ်ဝင် တန်း အောင်မြင်သူတွေကို အခုလို စာမေးပွဲရမှတ် ကန့်သတ်မထားဘဲ ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက် ထားနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ရေး သားဖော်ပြထားပါတယ်။
ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့် နဲ့ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခုရှိတဲ့ ရှမ်းပြည်နယ်က တောင်ကြီး ဆေး တက္ကသိုလ်မှာ မနှစ်က အဲလိုဝင်ခွင့်လျှောက်ပြီး တက်ရောက်နေသူတွေရှိကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း က ပြောပါတယ်။
"တောင်ကြီးဆေးတက္ကသိုလ်မှာ တက်နေတဲ့ဟာတော့ရှိတယ်၊ မနှစ်ကဆို ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသက ဘယ်နှစ်ယောက်၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဘယ်နှစ်ယောက်ဆိုတာ ရှိတယ်လေ၊ ဒါပေမဲ့ တကယ့်တကယ် အထူးအခွင့်အရေးပေးတာက ပြည်ထောင်စုဝန်ကြီးရုံးက ပေးတာလေ ၊ ပြည်နယ်အစိုးရက ပေးတာတော့ မရှိဘူးပေါ့နော်"
ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနရဲ့ အဆိုအရ အဲဒီအခွင့်အရေးကို ၂၀၁၂ ခုနှစ်က စပြီး ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
မနှစ်တုန်းက နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့ လေရှီးနဲ့ နန်းယွန်းမြို့နယ်တွေက ကျောင်းသား ၃ ယောက် နဲ့ ကျောင်းသူ ၁ ယောက် စုစုပေါင်း ၄ ယောက် ဆေးတက္ကသိုလ် တက်ရောက်ခွင့်ရခဲ့တယ်လို့လည်း သိရပါတယ်။
ဒီနှစ်အတွက် လျှောက်ထားမယ့်သူတွေဟာ ၈ တန်း၊ ၉ တန်း နဲ့ ၁၀ တန်းကို အဲဒီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ ဆက်တိုက်ပညာသင်ကြားခဲ့ပြီး အဲဒီဒေသတွေရဲ့ စာစစ်ဌာနတွေကနေ ၂၀၁၈ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင် သူ ဖြစ်ရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အထူးအခွင့်အရေးအနေနဲ့ ဆေးတက္ကသိုလ် တက်ရောက်ခွင့်ရသူတွေဟာ ဘွဲ့ရပြီးတဲ့အခါ အဲဒီ ဒေသတွေမှာ အနည်းဆုံး ၅ နှစ် မပျက်မကွက် တာဝန်ထမ်းဆောင်ရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
လျှောက်လွှာတွေကို ဒီစက်တင်ဘာလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကို လျှောက်ထားကြရမှာ ဖြစ်ပါတယ်။