ရုပ်ရှင်ပွဲတော်မှာ ကိုမင်းကိုနိုင် တက်ရောက်ပြောခွင့် စီးပွားရေးတက္ကသိုလ်ပိတ်ပင်


2014.07.02
human-rights-dignity-305 လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပိုစတာပုံ
Photo: Tun Myint/RFA

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်း ရန်ကုန် စီးပွားရေးတက္ကသိုလ်မှာ ဒီနေ့ ကျင်းပဖို့စီစဉ် ထားတဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော် မှာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်ကို တက္ကသိုလ် အုပ်ချုပ်ရေးက အဖွင့်အမှာစကားပြောခွင့် ပိတ်ပင်ခဲ့ တာကြောင့် အဲဒီ ရုပ်ရှင်ပွဲတော်ကို ကျောင်းသားသမဂ္ဂ က ဖျက်သိမ်းလိုက်ပါတယ်။

ဒီနေ့ စီစဉ်ခဲ့တဲ့ ရုပ်ရှင်ပွဲတော် ဖျက်သိမ်းလိုက်တာနဲ့ ပတ်သက်ပြီး စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ကိုစည်သူမောင်က အခုလို ပြောပါတယ်။

"ကျနော်တို့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင် ပွဲတော်ဟာ တက္ကသိုလ်ပါမောက္ခချုပ်အနေနဲ့ ခွင့်ပြုပေးလို့ရတယ်ဆိုတဲ့ အနေအထားမျိုး ကျနော်တို့ပြောပါ တယ်၊ ဒါပေမဲ့လို့ ဒီရုပ်ရှင်ပွဲတော်ရဲ့ ဆုရှင်နှစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင်ဟာ ဟောဒီအခမ်းအနားမှာ လာ ပြီးတော့ ဖွင့်ပွဲအခမ်းအနား ပြောဖို့အတွက်ကို ကျနော်တို့ စီစဉ်ထားပေမယ့်လို့ တက္ကသိုလ်အာဏာပိုင်တွေက ခွင့်မပြုတဲ့အတွက်ကြောင့် ဒီလူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်ရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ လွတ်လပ်စွာနဲ့ မိမိရဲ့ထင်မြင်ယူဆချက်ကို ပြောဆိုခွင့်၊ မိမိရဲ့အခွင့်အရေးကို ထုတ်ဖော်ပြောဆိုတယ်ဆိုတဲ့ အခွင့်အရေး ချိုးဖောက်ခံရတယ်လို့ ကျနော်တို့ကမြင်တယ်၊ ဒီပွဲဟာပျက်သွားပေမယ့်လို့ ကျနော်တို့ နောင် တစ်ကြိမ် ထပ်ပြီးတော့ တက္ကသိုလ်မြေပေါ်မှာပဲ ကျင်းပနိုင်ဖို့ ကျနော်တို့ကြိုးစားဦးမှာပါ"

ဒါရိုက်တာ မင်းထင်ကိုကိုကြီး စီစဉ်တဲ့ ဒုတိယအကြိမ်မြောက် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော် မှာ ဒေါ်အောင်ဆန်းစုကြည်ဆု၊ မင်းကိုနိုင်ဆု၊ ဦးဝင်းတင်ဆုအပါအဝင် ဆုရရှိခဲ့တဲ့ ဇာတ်ကား ၉ ကားကို ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ ဒီနေ့ပြသဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။