ပညာရေးဝန်ကြီးဌာနလုပ်ရပ်ကို မကျေနပ်ကြောင်း တက္ကသိုလ် ၆ ခု ဝေဖန်
2013.12.14
တက္ကသိုလ်ဆရာ၊ ဆရာမတွေရဲ့ နေရေးထိုင်ရေးနဲ့ ပတ်သက်လို့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို မကျေနပ်တဲ့အတွက် တက္ကသိုလ် ၆ ခုကို ကိုယ်စားပြုပြီး ဖွဲ့စည်းထားတဲ့ တက္ကသိုလ် ဆရာဆရာမများအသင်းက မနေ့က အရေးပေါ် ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နဲ့ စစ်တွေတက္ကသိုလ်စတဲ့ တက္ကသိုလ် ၆ ခုက တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းက ပညာရေးဝန်ကြီးဌာနရဲ့ စီမံခန့်ခွဲမှုတွေကို မကျေနပ်တာကြောင့် အဲဒီ ကြေညာချက်ကို ထုတ်ပြန်လိုက်တာပါ။
ရန်ကုန်တက္ကသိုလ်မှာ ဆရာ ဆရာမတွေနဲ့ ကျောင်းသူ ကျောင်းသားတွေရောပြီး နေရာချထားတဲ့အတွက် မသင့်တော်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ဆရာများအသင်းအဖွဲ့ဝင် ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက ပြောပါတယ်။
“အဓိကကတော့ ဆရာဆရာမတွေ ဝန်ထမ်းတွေကို ၁ဝ ရက်အတွင်း ရွေ့ပါလို့ပြောတယ်၊ နောက်တစ်ခုက ဆရာ၊ ဆရာမတွေ ကျောင်းသူကျောင်းသားတွေကို ရောထားမယ်၊ ဒါဟာ မသင့်လျော်တဲ့ အနေအထားပေါ့နော်၊ နောက်တစ်ခုက စာသင်ဆောင်ကို ကျောင်းသူဆောင်ဆိုပြီးလုပ်မယ့်ဟာတွေ၊ အဲလိုလုပ်မယ့်ဟာတွေက တကယ်တန်းကျတော့ မဖြစ်သင့်တဲ့ဟာတွေပေါ့၊ အခုတော့ ရောပြီးလုပ်တဲ့အနေအထားပေါ့၊ ဒါကို ကျနော်တို့ ကန့်ကွက်တယ်”
ရန်ကုန်တက္ကသိုလ်မှာဆိုရင် အဆောင်နေကျောင်းသား၊ ကျောင်းသူတွေကို လက်ခံရာမှာ လိုအပ်တဲ့အဆောက်အဦး၊ ပရိဘောဂတွေ လုံလောက်အောင် ကြိုတင်စီမံမှုမရှိပဲ လက်ခံနေကြောင်း၊ တချို့တက္ကသိုလ်တွေမှာ ကျောင်းသား၊ သူတွေအတွက် အဆောင်တွေမရှိကြောင်း၊ ဆရာ၊ ဆရာမတွေနေထိုင်ဖို့ ပေးထားတဲ့အဆောင်တွေကို ဖယ်ခိုင်းပြီး ကျောင်းသူ ကျောင်းသားတွေကို နေရာချထားပေးတဲ့အတွက် မသင့်တော်ကြောင်း ဒါကြောင့် ဆရာ ဆရာမတွေ အခက်အခဲဖြစ်နေကြောင်းစတဲ့ အချက် ၉ ချက်ပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့တာပါ။
တစ်ဆက်တည်းမှာလည်း ရန်ကုန်တက္ကသိုလ်ထဲက အရင်က ကျောင်းသားတွေနေထိုင်ခဲ့ကြတဲ့ ရွှေဘိုဆောင်နဲ့ ဒဂုံဆောင်ကို ကျောင်းသူဆောင်အဖြစ်ပြောင်းလဲဖို့ ပြင်ဆင်နေတဲ့အတွက် အဆောင်နေကျောင်းသားဟောင်းတွေက ဒီကနေ့ ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမမှာ ကန့်ကွက်ကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။