နိုင်ငံရေးအကျဉ်းသား ၅ ဦး ဆုရွေးချယ်ခံရ
2011.10.04

Photo: RFA
မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲက သူတို့ကို ရွေးချယ်ခဲ့တာဖြစ်ကြောင်း ဆုပေးရေးကော်မတီက ပြောပါတယ်။
ဒီ အညတရ သူရဲကောင်း(၅)ဦး အမည်စာရင်းကို NLDခေါင်းဆောင်တွေပါဝင်တဲ့ ကော်မတီက ရွေးချယ် ပေးခဲ့တယ်လို့ တိုကျိုမြို့က အညတရ သူရဲကောင်းဆု ပေးရေးကော်မတီ အဖွဲ့ဝင် ဒေါ်လေးလေးက ပြောပါတယ်။
“ဒုတိယအကြိမ် အညတရ သူရဲကောင်းဆု ချီးမြှင့်နိုင်ဖို့အတွက် NLD က ဘဘ ဦးဝင်းတင်နဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေကနေ ရွေးချယ်ရေး ကော်မတီ ဖွဲ့ပြီး ကျမတို့ကို ရွေးချယ်ပေးတာ ဖြစ်ပါတယ်။ အခုရွေးချယ်လိုက်တဲ့ ၅ ယောက်ကို ကျမတို့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကနေ မကြာမီအချိန်အတွင်းမှာ ဆုချီးမြှင့် ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျမတို့ ပထမအကြိမ်တုန်းကလိုပါပဲ တစ်ဦးကို ကျပ် ၁၀ သိန်းချီးမြှင့်မှာ ဖြစ်ပါတယ်၊ ဒီတခါတော့ ဆုတံဆိပ် ပါပါတယ်”
အညတရ သူရဲကောင်း ဆုရှင်တွေဖြစ်တဲ့ ဦးဝိရသူနဲ့ ကိုဇေယျာအောင်ကတော့ မြစ်ကြီးနားထောင်၊ ကိုသန့်ဇော်က သရက်ထောင်၊ ဦးစွမ်းလှအောင်က ကျောက်ဖြူထောင်နဲ့ မမာမာဦးက ဗန်မော်ထောင် အသီးသီးက ဖြစ်ကြပါတယ်။
ဒုတိယ အကြိမ်မြောက် အညတရ သူရဲကောင်းဆု ချီးမြှင့်ပွဲကို NLD ရုံးချုပ်မှာ ကျင်းပသွားဖို့ရှိပြီး အောက်တိုဘာ လလယ်လောက်မှာ ကျင်းပနိုင်ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။
အညတရ သူရဲကောင်းများ ဆုပေးရေး ကော်မတီကို ၂၀၁၁နှစ်ဆန်းပိုင်းက ဂျပန်နိုင်ငံမှာ စတင် ဖွဲ့စည်းခဲ့တာပြီး ပထမအကြိမ် ဆုကို ပြီးခဲ့တဲ့ ဧပြီလ မြန်မာနှစ်ဆန်း(၁) ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် NLD ရုံးချုပ်မှာ ဆုချီးမြှင့် ပေးအပ်ခဲ့ပါတယ်။
ဂျပန်နိုင်ငံမှာတော့ ဇွန်လထဲမှာ အခမ်းအနားတရပ် ကျင်းပခဲ့ပါတယ်။