စစ်ကောင်စီနဲ့ AA အပစ်ရပ်ထားမှု လူသားချင်းစာနာမှုအကူအညီ ပိုပေးနိုင်လိမ့်မယ်လို့ UN OCHA ပြော
2022.12.04

ပြီးခဲ့တဲ့ နိုဝင်ဘာနောက်ဆုံးပတ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား အပစ်ရပ်စဲထားမှုက ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းတွေကို လူသားချင်းစာနာမှု အကူအညီတွေ ပိုပြီးပေးနိုင်လိမ့်မယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) က ဒီဇင်ဘာလ ၃ ရက် မနေ့က ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်မှာ ပြီးခဲ့တဲ့ ဇူလိုင်လကစလို့ တစ်ကျော့ပြန်တိုက်ပွဲတွေဖြစ်ခဲ့ပြီး နိုဝင်ဘာလ အတွင်း ဒေသခံတွေ ထိခိုက်သေဆုံးမှု များလာသလို ဒေသခံတစ်သောင်းနီးပါး နေရပ် စွန့်ခွာထွက်ပြေးခဲ့ရတာကြောင့် နှစ်ဖက် အပစ်ရပ်စဲလိုက်တာပါ။
ရခိုင်ပြည်သူတွေ စစ်ဘေးကြောင့် ခံစားနေရတဲ့ အခက်အခဲ၊ အကျပ်အတည်းတွေကို ရှေးရှုပြီးတော့ စစ်ကောင်စီတပ်နဲ့ လူသားချင်းစာနာမှုဆိုင်ရာ ယာယီအပစ်အခတ်ရပ်စဲခဲ့ တာလို့ AA ပြောခွင့်ရ ဦးခိုင်သုခက နိုဝင်ဘာ ၂၈ ရက်နေ့ အွန်လိုင်းကနေပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။
နှစ်ဖက်တိုက်ပွဲပြင်းထန်နေချိန်မှာ စစ်ကောင်စီဘက်က ရေလမ်း၊ ကုန်းလမ်းတွေကို ပိတ်ဆို့ထားတာကြောင့် ဒေသခံတွေရဲ့ လူမှုစီးပွားအခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအထိ ရခိုင်ပြည်နယ်ထဲမှာ စစ်ဘေးဒုက္ခသည် ၂၀,၁၀၀ ရှိလာပြီး စစ်တပ်အာဏာမသိမ်းခင်အချိန်က စစ်ဘေးဒုက္ခ သည် ၂၁၉,၀၀၀ ရှိတယ်လို့ UN OCHA က ဒီဇင်ဘာ ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။