UNOCHA ကူညီရေးအစီအစဥ်အတွက် ဖိတ်ခေါ်မှု အရပ်ဘက်အဖွဲ့တွေ ငြင်းဆို

RFA Burmese
2023.10.16
UNOCHA ကူညီရေးအစီအစဥ်အတွက် ဖိတ်ခေါ်မှု အရပ်ဘက်အဖွဲ့တွေ ငြင်းဆို တနင်္သာရီတိုင်းမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၆ ရက်‌နေ့က တွေ့ရစဉ်။
နွေဦးမေတ္တာစစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့

ကုလသမဂ္ဂလူ သားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ဆောင်ရွက်နေတဲ့ လူသားချင်းစာနာမှုကူညီထောက်ပံ့ရေး အစီအစဉ်တစ်ခုမှာ ကိုယ်စားလှယ်အနေနဲ့ မပါဝင်နိုင်ဘူးလို့ တနင်္သာရီတိုင်း အရပ်ဘက်အဖွဲ့အစည်းတွေက အောက်တိုဘာ ၁၅ ရက်နေ့မှာ ထုတ်ပြန်ချက်ထုတ်ပြီး ငြင်းဆိုပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီနဲ့ပေါင်းပြီး လူသားချင်းစာနာထောက်ထားမှု ကူညီရေးလုပ်ငန်းစဉ် လုပ်ဆောင်မယ်ဆိုတာကို လက်မခံနိုင်တဲ့အတွက် ငြင်းဆိုတာလို့ CSOs Nexus Consortium – Tanintharyi အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုနေမိုးအောင်က RFA ကို ပြောပါတယ်။

“UNOCHA အနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့လုပ်တဲ့ လုပ်ဆောင်ချက်ကို အရပ်ဖက်အဖွဲ့တွေက လက်မခံနိုင်ဘူး။ ဒီလိုချိုးဖောက်မှုတွေဆိုတာ စစ်ကောင်စီကြောင့်ပဲ ဖြစ်ပေါ်လာတာ။ အဲဒီချိုးဖောက်တဲ့ အုပ်စုနဲ့မှ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်နေတဲ့ လမ်းကြောင်းကနေ ဝင်လာတာကို လက်ခံနိုင်စရာမရှိဘူးပေါ့။ ဒါကြောင့် ဒီလမ်းကြောင်းမှာ မပါဖို့ဆုံးဖြတ်တာပါ”

UNOCHA အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ ပံ့ပိုးမှုတွေလုပ်ဖို့ နိုင်ငံအဆင့်၊ အရှေ့မြောက်ပိုင်း၊ အနောက်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်နဲ့ အရှေ့တောင်ပိုင်းဆိုပြီး ဇုန်ငါးနေရာခွဲပြီး ဆောင်ရွက်တဲ့အစီအစဉ်ကို AHCT -Area of Humanitarian Country Team လို့ သတ်မှတ်ထားပြီး ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းတွေကို ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

မြန်မာနိုင်ငံတောင်ပိုင်းဇုန်မှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းက အရပ်ဘက်အဖွဲ့တွေကို တစ်ဖွဲ့တစ်ဦးစီနဲ့ လေးဦးဖိတ်ခေါ်ပြီး အဲဒီအထဲကမှ ကိုယ်စားလှယ်တစ်ဦးကို ပြန်လည်ရွေးချယ်ကာ UNOCHA အကြီးအကဲနဲ့အတူ အဲဒီဒေသက လိုအပ်ချက်တွေကို ဆွေးနွေးဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

အဲဒီအစီအစဉ်ကို ဒေသတွင်း အရပ်ဘက် ၁၁ ဖွဲ့ပါဝင်တဲ့ CSOs Nexus Consortium – Tanintharyi က ပူးပေါင်းဖို့ ငြင်းဆိုထားတာပါ။

UNOCHA အနေနဲ့ စစ်ကောင်စီနဲ့တွေ့ဆုံပြီး ကူညီရေးအတွက် သဘောတူညီချက်တွေယူတာဟာ စစ်တပ်ကို နိုင်ငံရဲ့အစိုးရအနေနဲ့ အသိအမှတ်ပြုရာရောက်ပြီး ဒေသအတွင်း အမှန်တကယ်ကူညီနိုင်ရေး တခြားသော နည်းလမ်းများနဲ့သာ လုပ်ဆောင်သင့်တယ်လို့ ကိုနေမိုးအောင်က ဆိုပါတယ်။

အဲဒီအရပ်ဘက်အဖွဲ့တွေရဲ့ ပြောဆိုမှုနဲ့ပတ်သက်ပြီး UNOCHA ရဲ့တုံ့ပြန်မှုရဖို့ RFA က အီးမေးလ်တစ်ဆင့် ပေးပို့ မေးမြန်းထားပေမယ့် အကြောင်းပြန်ဖြေဆိုခြင်းတော့ မရှိသေးပါဘူး။

ဒါ့အပြင် ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့်လည်း လက်ခံဖြေဆိုခြင်းမရှိပါဘူး။

UNOCHA အကြီးအကဲ Mr Martin Griffiths နဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဒီနှစ် ဩဂုတ်လ ၁၅ ရက်နေ့က နေပြည်တော်မှာတွေ့ဆုံပြီး လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီပိုင် သတင်းစာမှာဖော်ပြခဲ့ပါတယ်။

UNOCHA ကတော့ အဲဒီလိုသွားရောက်တာဟာ ထောက်ပံ့ကူညီရေးတွေကို ပိတ်ပင်ကန့်သတ်ထားတဲ့ ဗျူရိုကရက် အတားအဆီးတွေကို စိုးရိမ်ပူပန်ကြောင်းထုတ်ဖော်ပြခဲ့ပြီး ထောက်ပံ့ကူညီရေးတွေ တိုးချဲ့လုပ်နိုင်ဖို့အတွက် အခွင့်အရေးတစ်ခုလို့ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတစ်ဝန်းမှာ လိုအပ်နေတဲ့ လူသားချင်းစာနာမှုအကူအညီတွေအတွက် ဘေးကင်းပြီး ရေရှည်တည်တံ့တဲ့ ပံ့ပိုးကူညီမှုတွေကို ပေးနိုင်ဖို့အတွက် အရေးကြီးတယ်လို့လည်း UNOCHA က ဆိုပါတယ်။

UNOCHA ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာရသူ နှစ်သန်းနီးပါးရှိလာပြီး အဲဒီအထဲက ၁ ဒသမ ၇ သန်းနီးပါးဟာ အာဏာသိမ်းပြီးနောက် ဖြစ်လာတဲ့ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြရသူတွေ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။