ပြည်တွင်းမှာ လူသားချင်းစာနာမှု အခြေအနေ စိုးရိမ်နေရဆဲဖြစ်ကြောင်း ကုလ ထုတ်ပြန်

2021.10.19
ပြည်တွင်းမှာ လူသားချင်းစာနာမှု အခြေအနေ  စိုးရိမ်နေရဆဲဖြစ်ကြောင်း ကုလ ထုတ်ပြန် ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းကိုင်မြို့နယ်မှာ RCSS နဲ့ SSPP တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရသူတွေကို ၂၀၂၁ စက်တင်ဘာ ၁၅ ရက်နေ့က တွေ့ရစဥ်
Photo: tai freedom

ချင်းပြည်နယ်၊ မကွေးနဲ့ စစ်ကိုင်းတိုင်းတွေမှာ တပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြားက တိုက်ပွဲ တွေအပြင် နေရာဒေသအနှံ့မှာ တပ်အင်အားတွေ တိုးချထားတာတွေကြောင့် လုံခြုံရေးအခြေအနေတွေ စိုးရိမ် နေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က မနေ့က ထုတ်ပြန်ပါတယ်။

ချင်းပြည်နယ်မှာ စားနပ်ရိက္ခာပြတ်တောက်မှုတွေကြောင့် မြို့နယ် ငါးခုမှာ လတ်တလော နေရပ်စွန့်ခွာလာသူ ၂၁,၄၂၁ ကျော်ရှိနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်က ချင်းဒေသခုခံကာကွယ်ရေးအဖွဲ့ (CDF)၊ ချင်းအမျိုးသားတပ်ဦး ပူးပေါင်း အဖွဲ့တို့ဟာ စစ်ကောင်စီတပ်နဲ့ ချင်းပြည်နယ် ထန်တလန်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် မြို့လုံးကျွတ် လူဦးရေတစ်သောင်းနီးပါးဟာ အိန္ဒိယဘက်၊ နယ်စပ်နဲ့ အနီးနားကရွာပေါင်း ရှစ်ရွာလောက်ကို တိမ်းရှောင်နေ ရတာ ဖြစ်ပါတယ်။

"နယ်မှာနေတဲ့ ပြည်သူတွေပါ ကိုယ့်အိမ်မှာပဲ နေရင်းထိုင်ရင်း စစ်ဘေးရှောင်တစ်ယောက်လိုဖြစ်လာတာပဲ"

ထန်တလန်ကနေ ထွက်ပြေးတိမ်းရှောင်နေရသူတွေဟာ လက်ရှိမှာ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထန်တလန်မြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့မှာ အခက်အခဲက နေဖို့ထိုင်ဖို့ ဖြစ်ကြမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ရက်ကြာလာတာနဲ့အမျှ သူတို့ယူသွားနိုင်တဲ့ စားစရာသောက်စရာလည်း ကုန်သလောက်ဖြစ်နေပါပြီ။ တချို့ကျေးရွာတွေကလည်း အများကြီး မကူညီနိုင်ဘူး။ ထန်တလန်မှာလည်း ရစရာတစ်ခုမှမရှိတော့ ပြန်လာလို့ရှိရင် အခက်အခဲတော့ အများကြီးရှိလာနိုင်ပါတယ်”

ထန်တလန်မြို့ပေါ်မှာတော့ မိသားစုတစ်စုနဲ့ မိဘမဲ့ဂေဟာ တစ်ခုတို့သာ ကျန်ရှိနေပြီး စစ်တပ်က မြို့ထဲမှာ တပ်စွဲထားတယ်လို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။

မင်းတပ်မြို့နယ်အတွင်းမှာတော့ ရွာတွေအတွက် ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းကို စစ်ကောင်စီက ပိတ်ဆို့ထားတာကြောင့် ဒေသခံတွေဟာ စားဝတ်နေရေးအခက်အခဲနဲ့ ပိုမိုကြုံတွေ့နေကြရတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။

“ဒီဘက်ရွာတွေကို ဆက်သွယ်ရေးလမ်းကြောင်းတွေ ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းတွေ အကုန်လုံး ကို မကွေးတိုင်း၊ သရက်နယ်မှာ ပိတ်ထားတာဆိုတော့ စက်သုံးဆီ တင်ပို့ဖို့သော်လည်းကောင်း၊ ဆေးဝါး တွေသော်လည်းကောင်း၊ ဆန်တွေလည်းကောင်း ခက်ခဲနေတာဆိုတော့လေ၊ အခုရိုးရိုး ရွာမှာနေတဲ့၊ နယ်မှာနေတဲ့ ပြည်သူတွေပါ ကိုယ့်အိမ်မှာပဲ နေရင်းထိုင်ရင်း စစ်ဘေးရှောင်တစ်ယောက်လိုဖြစ်လာတာပဲ။ အကုန်လုံးစားဝတ်နေရေး ခက်ခဲကျပ်တည်းလာတာပေါ့ အဲဒီလိုတော့ ရှိတယ်ခင်ဗျ”

ဒေသတွင်းမှာ အင်တာနက် ဖြတ်တောက်ခံထားရတဲ့အတွက် လိုအပ်တဲ့နေရာတွေကို အကူအညီပေးဖို့ သတင်းအချက်အလက် စီးဆင်းမှု ခက်ခဲနေတယ်လို့လည်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

မင်းတပ်မြို့နယ်က ပြည်သူတချို့ဟာ မြို့ပေါ်မှာ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ပြီး နယ်မြေချင်းဆက်နေတဲ့ မကွေးတိုင်းထဲကို ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း ကျောက်ထုမြို့နယ်ဘက်ကို ထွက်ပြေးရောက်ရှိနေသူ ၁၆၀၀ ဝန်းကျင်ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောက်ထုမြို့နယ်က စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

“ဆန်က လေးငါး ဆယ်အိတ်ပဲ ရသေးတယ်။ ရုတ်တရက် ကျောက်ထုဆိုတော့ သိပ်လည်းစိတ်မဝင်စား ကြဘူး။ အဲဒီတော့ အစ်မတို့က အကြွေးနဲ့ဆန်က အိတ်တစ်ရာဝယ်တယ်။ ဝယ်လို့ပြီးတော့ အလှူက နည်းနည်းတော့ ရောက်လာတယ် ပြည်ပအဆက်အသွယ်လေးနဲ့။ အဲဒီဆန်အိတ် ၁၀၀ ကို ပထမရက် တစ်ရက် ဝေတယ်။ လူပေါင်း ထောင့်ခြောက်ရာဝန်းကျင်ဆိုတော့ ကလေးဆို နှစ်ပြည်၊ လူကြီးဆို သုံးပြည် နှုန်းပေးတယ်။ မိသားစု ငါးယောက်ရှိတဲ့အိမ်ဆို ၁၄ ပြည်ပေးတယ်။ မိသားစု ရှစ်ယောက်ရှိတဲ့ဟာဆို ၂၁ ပြည်ပေးတယ်။ အဲဒီလိုမျိုး ကျွန်မတို့ ဖြေရှင်းထားတာပေါ့နော်”

ကျောက်ထုမှာ စစ်ဘေးဒုက္ခသည်တွေခိုလှုံဖို့ တန်းလျားတွေ ဆောက်လုပ်နေသလို တချို့စစ်ဘေးဒုက္ခသည် တွေကတော့ အိမ်စုငှားပြီး နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

စစ်ဘေးဒုက္ခသည်တွေအတွက် ရိက္ခာ၊ ဖိနပ်နဲ့ စောင်တွေ လိုအပ်နေပြီး လက်ရှိမှာ မကွေးတိုင်း ပခုက္ကူမြို့ ကနေ ကျောက်ထုမြို့နယ်အထိ ထောက်ပံ့ရေးလမ်းကြောင်းတွေကို စစ်ကောင်စီက ပိတ်ဆို့ထားတယ် လို့လည်း သူက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်လို့ စစ်တပ်က နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီးနဲ့ ပုလဲမြို့နယ်တွေမှာလည်း ဒေသခံတွေဟာ မကြခဏဆိုသလို ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီဒေသတွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့ကစလို့ အင်တာနက်ဖြတ်တောက်ထားပါတယ်။

ထွက်ပြေးတိမ်းရှောင်နေသူတွေအရင်ကထက် ပိုများလာတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကနီဒေသခံ တစ်ယောက်က ပြောပါတယ်။

“အဓိကကတော့ အင်တာနက်ဖြတ်ပြီးတဲ့နောက်မှာ ဆိုက်ဝါးသတင်းလိုမျိုး စစ်ကောင်စီဝင်လာမယ် ကြားကြတဲ့အတွက် ထွက်ပြေးကြတာမျိုးတွေရှိတယ်။ ပြီးတော့ စစ်ကောင်စီရဲ့ရေယာဉ်တွေ ချင်းတွင်းမြစ် ကနေ စုန်တယ်၊ ဆန်တယ်။ အရင်တုန်းက စစ်ကောင်စီဝင်ခဲ့တဲ့ တိုက်ပွဲဖြစ်ခဲ့တဲ့ ရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်တာမျိုးတွေရှိတယ်။ အဲဒီအတွက်ကြောင့်မို့လို့ စစ်ကောင်စီတပ်တွေကို ကြောက်ရွံ့တဲ့ သူတွေဟာ ချင်းတွင်းမြစ်ကမ်းဘေး ဝဲယာမှာနေတဲ့ မိဘပြည်သူတွေက စစ်ဘေးရှောင်လာတာရှိတယ်”

ဒါပေမဲ့ ဒေသခံတွေဟာ စစ်ဘေးဒုက္ခသည်စခန်းတွေနဲ့ ခိုလှုံရတာမျိုးမဟုတ်ဘဲ စစ်တပ်ကလာတဲ့အချိန် ထွက်ပြေးတိမ်းရှောင်ရတာဖြစ်ပြီး စစ်တပ်ကပြန်သွားရင် နေရပ်ပြန်ကြတယ်လို့ ဆိုပါတယ်။

chin-refugees.jpg
(ချင်းပြည်နယ်၊ ကန်ပက်လက်မြို့က စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ် - Photo: CJ)

ဒီလို ခေတ္တခဏ တိမ်းရှောင်နေရသူတွေအတွက် အမိုးအကာတွေ လိုအပ်နေပြီး ကုန်ဈေးနှုန်းကြီးမြင့်ပြီး ဝယ်ယူရ မလွယ်ကူတော့တဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ကနီဒေသခံက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ မနေ့က ထုတ်ပြန်ချက်အရ မကွေးတိုင်းက မြို့နယ်သုံးခုမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၁၂,၃၂၁ ခန့်နဲ့ စစ်ကိုင်းက မြို့နယ်ငါးခုမှာ လူဦးရေ ၇,၁၂၃ ဦး၊ စုစုပေါင်းလူဦးရေ ၁၉,၅၀၀ ခန့်ရှိနေပါတယ်။ ဒီဒေသတွေမှာ အရပ်သားပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးခံရမှု တွေကလည်း လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေကို ဆိုးရွားစေတယ်လို့လည်း UNOCHA ရဲ့ ထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး Mr. Andrew Kirkwood ကလည်း စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကစလို့ မြို့နယ်အနှံ့မှာ တိုက်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လုံခြုံ ရေးအခြေအနေဟာ စိုးရိမ်ဖွယ်အနေအထားဖြစ်နေပြီး လူသားချင်းစာနာမှု လုပ်ငန်းဆောင်ရွက်သူတွေက လည်း အကန့်အသတ်နဲ့သာ သွားလာခွင့်ရရှိတဲ့အတွက် လူသားချင်းစာနာမှု အခြေအနေအတိအကျကို မှန်းဆ ပြောဆိုဖို့ ခက်ခဲကြောင်း RFA ကို အီးမေးလ်ကနေတဆင့် ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ လူသားချင်းစာနာမှုအကူအညီ လိုအပ် သူပေါင်း နှစ်သန်းအထိတိုးလာနေပြီး အဲဒီအထဲမှာ ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရှမ်းပြည်နယ်တွေနဲ့ မကွေး၊ စစ်ကိုင်း၊ တနင်္သာရီတိုင်းတွေမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း တိုက်ပွဲနဲ့ လုံခြုံရေးအခြေအနေ တွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူပေါင်းဟာ ၂၁၈,၉၀၀ ခန့်ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။