မြစ်ကြီးနားထောင်က အကျဉ်းသားတွေ အချက် ၄ ချက် တောင်းဆို
2019.05.09
ကချင်ပြည်နယ် မြစ်ကြီးနားအကျဉ်းထောင်မှာ ဒီနေ့မနက် ၅ နာရီဝန်းကျင်ခန့်ကစပြီး အကျဉ်းသားတွေက တန်းတူညီမျှ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အပါအဝင် အချက် ၄ ချက်ကို ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
သတင်းမီဒီယာတွေနဲ့ တွေ့ဆုံခွင့်ပေးဖို့၊ လူ့အခွင့်အရေးကော်မရှင်နဲ့ တွေ့ဆုံခွင့်ပေးဖို့နဲ့ တန်းတူညီမျှ လွတ်ငြိမ်း ချမ်းသာရရှိခွင့်နဲ့ ပြည်နယ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခွင့်ရရှိရေးအတွက် တောင်းဆိုနေကြတာဖြစ်တယ်လို့ သိရပါတယ်။
ဒီနေ့ နေ့လယ် ၁၁ နာရီဝန်းကျင်ခန့်မှာတော့ အကျဉ်းထောင်ထဲကို လုံခြုံရေးရဲတပ်ဖွဲ့တွေ ဝင်ရောက်လာခဲ့ကြပြီး ဆန္ဒပြနေတဲ့အကျဉ်သားတွေကို ရိုက်နှက်ဖြိုခွင်းတာတွေမလုပ်ဖို့ ထောင်ဝင်စာလာတွေ့သူတချို့က ထောင်အပြင် ဘက်ကနေ အော်ဟစ်တောင်းဆိုခဲ့ကြပါတယ်။
ညနေ၂နာရီဝန်ကျင်ခန့်မှာတော့ ထောင်တာဝန်ရှိသူတွေက ထောင်ဝင်စာလာတွေသူတွေကို အထဲမှာ အခြေ အနေကောင်းပြီလို့ဆိုပြီး ပြန်ခိုင်းခဲ့ပါတယ်။
ဒါပေမဲ့ အခုညနေ ၄ နာရီခွဲ အချိန်ထိတော့ အကျဉ်းထောင်ထဲကနေ ဒို့အရေးလို့ အော်ဟစ်တောင်းဆိုတဲ့ အသံတွေ ကြားနေရဆဲဖြစ်တယ်လို့ မြစ်ကြီးနားအခြေစိုက် RFA သတင်းထောက် က ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အကျဉ်ထောင်ဦးစီးဌာနနဲ့ အစိုးရတာဝန်ရှိသူတွေက ညနေ ၅နာရီအချိန်ထိ သတင်း မီဒီယာတွေကို တစ်စုံတစ်ရာ လက်ခံဖြေကြားတာ မရှိသေးပါဘူး။
ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့လိုက်တာပါ။