လိုတာထက်ပိုပြီး အစိုးရိမ်မလွန် ကြဖို့ ဝန်ကြီးချုပ်က ပြော


2016.10.12
minister-maungtaw-620.jpg ပြည်ထောင်စုအစိုးရ တာဝန်ရှိသူတွေ အောက်တိုဘာလ ၁၂ ရက်နေ့က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ကို အမြန်ရေယာဉ်ဖြင့် ရောက်ရှိလာစဉ်
Photo: MOI Webportal Myanmar/ Facebook

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က ဒေသခံတွေအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး လိုတာထက် ပိုပြီးအစိုးရိမ်မလွန်ကြဖို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက မောင်တော ဒေသခံံတွေနဲ့ တွေ့ဆုံစဉ် ပြောပါတယ်။

မောင်တောမြို့ သီရိမင်္ဂလာခန်းမမှာ ပြည်ထောင်စုအစိုးရ အဖွဲ့ဝန်ကြီးတွေ၊ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေ နဲ့ မောင်တော ဒေသခံတွေ ဒီနေ့ညနေက တွေ့ဆုံရာမှာ ဝန်ကြီးချုပ် ဦးညီပုက ပြောပါတယ်။

"စိုးရိမ်ကြောင့်ကြမှုကတော့ ရှိမှာပါ။ ဒီကာလမှာ ပိုပြီးတော့ ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ အနေနဲ့ ပြောချင်တာက လိုတာထက် ပိုပြီးတော့ မစိုးရိမ်ပါနဲ့။ စိုးရိမ်ကြောင့်ကြမှုတွေများပြီးတော့ ပိုပြီးတော့ မဖြစ်သင့်တာတွေ၊ မလုပ်သင့် တာတွေ ပိုပြီးတော့ ပိုလုပ်မယ်၊ ပိုပြောမယ်ဆိုရင် အန္တရာယ်ရှိပါတယ်။ ဒါကလည်း စောစောက ကျနော်ပြောသလို လူတိုင်းမှာ တာဝန်ရှိပါတယ်။ ဝိုင်းပြီးတော့ ထိန်းသိမ်းကြပါ"

ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်းတွေအနေနဲ့ တစ်ဖက်နဲ့ တစ်ဖက် အကြမ်းမဖက်ကြဖို့နဲ့ အတိတ်က ဖြစ်ရပ်တွေကို သင်ခန်းစာယူကြဖို့လည်း ဝန်ကြီးချုပ် ဦးညီပုက သတိပေးခဲ့ပါတယ်။

မောင်တော ဒေသခံတွေနဲ့ တွေ့ဆုံရာမှာ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဒေါက်တာဖေမြင့်၊ ဦးသိန်းဆွေတို့ တက်ရောက်ခဲ့ပြီး မောင်တော ဒေသခံ တစ်ရာကျော်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ၉ ရက်နေ့က မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်က ရဲကင်းစခန်း ၃ခု တိုက်ခိုက် ခံရပြီး လက်နက်တွေ ပါသွားတဲ့အတွက် တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေက နယ်မြေရှင်း လင်းရေးတွေ ဆောင်ရွက်ရာမှာ ပစ်ခတ်မှုတွေ ရှိနေတာကြောင့် ဒေသခံတွေက စိုးရိမ်ထိတ်လန့်နေကြပါတယ်။

မောင်တောမြို့တစ်ဝိုက်က ကျေးရွာတွေမှာနေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတချို့ဟာ ဘေးလွတ်ရာ မြို့ရွာတွေကို ထွက်ပြေးခိုလှုံနေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် ဘူးသီးတောင်နဲ့ မောင်တော မြို့ပေါ်မှာလည်း လမ်းသွားလမ်းလာ မရှိသလောက်ဖြစ်နေပြီး တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေသာ တွေ့ရတယ်လို့ မောင်တောမြို့ကိုရောက်နေတဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ မီဒီယာတာဝန်ခံ ဦးမိုးဝေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။