အမျိုးသားလွှတ်တော်အတွက် PR စနစ်ကျင့်သုံးဖို့ ဆုံးဖြတ်


2014.08.19
myothar-htluttaw-305.jpg နေပြည်တော်မှာ အောက်တိုဘာလ ၂ ရက်နေ့ကျင်းပနေတဲ့ အမျိုးသားလွှတ်တော်ကို တွေ့ရစဉ်
Photo: RFA

တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အခါ မဲလက်မှတ်ပေါ်မှာ ပါတီနာမည်၊ ပါတီတံဆိပ်နဲ့အတူ အရွေးခံတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ရဲ့ အမည်ကိုပါ ထည့်သွင်းရေးသားထားမယ့် PR ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကိုကျင့်သုံးဖို့ အမျိုးသားလွှတ်တော်က ဖဲ့ွစည်းထားတဲ့ PR စနစ် ကျင့်သုံးရေး အကောင်အထည်ဖော်မှုကော်မရှင်က ဆုံးဖြတ်လိုက်ပါတယ်။

PR စနစ်ကျင့်သုံးရေး အကောင်အထည်ဖော် မှုကော်မရှင်က နေပြည်တော် လွှတ်တော်ဝင်း အတွင်းမှာ နှစ်ရက်ကြာဆွေးနွေးပြီးနောက် ရွေး ချယ်လိုက်တာဖြစ်တယ်လို့ ကော်မရှင်အဖွဲ့ဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအုန်းတင် က ပြောပါတယ်။

"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စစ်ကိုင်းတိုင်းမှာ ၁ ခုရှိတယ်၊ နောက်ရှမ်းပြည်နယ်မှာ ၅ ခုရှိတယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခုကလွဲလို့ ကျန်တဲ့တိုင်းနဲ့ ပြည်နယ်အားလုံးမှာ ပီအာစနစ်ကိုကျင့်သုံးမယ်၊ အမျိုးသားလွှတ်တော်အတွင်းပေ့ါဗျာ၊ မဲပြားပေါ် ပါတီနဲ့အရွေးခံမယ့် ပါတီနာမည်အောက်မှာ အရွေးခံမယ့်ကိုယ်စားလှယ်တွေရဲ့ နာမည်စာရင်းလည်းပါမယ်"

အဲ့ဒီ PR ရွေးကောက်ပွဲစနစ်ကို မူကြမ်းရေးဆွဲပြီး လာမယ့် စက်တင်ဘာလအတွင်းမှာ ပြန်လည်ကျင်းပမယ့် အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ကော်မရှင်က အစီရင်ခံစာတင်ပြမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က တိုင်းဒေသကြီးတွေမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ ရွေး ချယ်တဲ့အခါ PR စနစ်ကို ကျင့်သုံးဖို့ တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအဆိုအတည်ဖြစ်ပြီးနောက် PR စနစ်ကျင့်သုံးရေး အကောင်အထည်ဖော်ရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

အမျိူးသားလွှတ်တော် PR အကောက်အထည်ဖော်ရေး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဗညားအောင်မိုးကို RFA အဖွဲ့သူ မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။