အပစ်ရပ်စဲရေး ၂၂ ရက်နေ့ ရန်ကုန်မှာ ဆွေးနွေးမယ်


2015.07.16
sd-620 ပဒိုနော်စီဖိုးရာစိန် ခေါင်းဆောင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ကို ဇူလိုင်လ ၃ ၇က်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ရစဉ်
Photo: Aung Moe Myint/RFA

လာမယ့် ဇူလိုင်လ ၂၂ ရက်နေ့မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး အဖွဲ့နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးဖို့ သဘောတူလိုက်ကြောင်းသိရပါတယ်။

ပဒို နော်စီဖိုးရာစိန် ဦးဆောင်တဲ့ ညှိနှိုင်းရေးအဖွဲ့နဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ MPC က ဦးလှမောင်ရွှေ ဦးဆောင်တဲ့ အလုပ်အဖွဲ့ဝင်တွေ မနေ့က ချင်းမိုင်မြို့မှာ တွေ့ဆုံခဲ့ရာမှာ အခုလို သဘောတူခဲ့တာ ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ မြန်မာအစိုးဘက်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရေးထိုးတဲ့ အခါမှာ အရင်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးစာချူပ် သဘောတူညီချက်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၄ ဖွဲ့နဲ့ KIO ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ စုစုပေါင်း ၁၅ ဖွဲ့ကိုပဲ လက်ခံနိုင်မယ်လို့ ပြောဆိုနေကြောင်း တိုင်းရင်းသား လက်နက်ကိုင် အသိုင်းအဝိုင်းကြားမှာ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အဲ့ဒီအချက်နဲ့ ပတ်သက်လို့တော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့ရဲ့ ဒုတိယအဖွဲ့ခေါင်းဆောင် ဒေါက်တာ လဂျာ က သူတို့အဖွဲ့အနေနဲ့ လော်ခီးလာညီလာခံက ဆုံးဖြတ်ထားတဲ့ အားလုံးပါဝင်ရေးမူအတိုင်း ဆွဲကိုင်ဆွေးနွေးသွားမှာဖြစ်တယ်လို့ အစည်းအဝေးအပြီးမှာ ပြောပါတယ်။

"ကျနော်တို့ဘက်ကတော့ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံး တိပ်သီးအစည်းအဝေးကနေ ချမှတ်ခဲ့တဲ့ လော်ခီးလာအစည်းအဝေးကနေချမှတ်ခဲ့တယ်၊ အားလုံးပါဝင်ရေး ဒါကိုတော့ ကျနော်တို့ဆက်ကြိုးစားရမှာဖြစ်ပါတယ်၊ ဒါကအားလုံးပါဝင်ရေးဆိုတာလည်း နှစ်ဘက် ညှိနှိုင်းဆွေးနွေးပြီးတော့ ပေါ်လာတဲ့အဖြေကသာ အတည်ဖြစ်ပါတယ်၊ ဒါကြောင့် ဆက်ဆွေးနွေးရမယ့်ကိစ္စဖြစ် ပါတယ်"

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးတဲ့အခါ ပါဝင်ခွင့်မပြုဘူးလို့ အစိုးရဖက်က ပြောနေတဲ့ အဖွဲ့တွေ ကတော့ လားဟူဒီမိုကရက်တစ်ပါတီLDP၊ ဝ အမျိုးသားအဖွဲ့ချူပ် WNO၊ ရခိုင်အမျိုးသားကောင်စီ ANC၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး PSLF၊ ရက္ခိုင့်တပ်မတော် AA၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် MNDAA စတဲ့အဖွဲ့ ၆ ဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။

အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် လက်ရှိလက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကတော့ ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ကရင်အမျိုးသား အစည်းအရုံး KNU၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU-PC၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO၊ မွန်ပြည်သစ်ပါတီ NMSP၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် NSAA-ESS၊ မိုင်းလားတပ်ဖွဲ့၊ နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ အဖွဲ့ NSCN (K) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP၊ ဒီမိုကရေစီအကျိုုးပြု ကရင့်တပ်မတော် DKBA စတဲ့ ၁၄ ဖွဲ့ ဖြစ်ပါတယ်။

ချင်းမိုင်ဆွေးနွေးပွဲကို MPC အဖွဲ့ဖက်က ဦးဆောင်တက်ရောက်ခဲ့တဲ့ ဦးလှမောင်ရွှေနဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။