အစိုးရနဲ့ NCCT ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေး
2014.08.16

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် ဒုတိယမြောက်နေ့အဖြစ် ဒီကနေ့ ဆက်လက်ဆွေးနွေးခဲ့ရာမှာ တိုးတက်မှုတွေရရှိခဲ့ပြီး၊ ဆွေးနွေးမှုရလာဒ်ကို မနက်ဖြန်မှာ ထုတ်ပြန်သွားမယ်လို့ ဆွေးနွေးပွဲတာဝန်ရှိသူတွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီနေ့ညနေပိုင်းကကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ NCCT တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် စောကွယ်ထူးဝင်းက အခုလိုပြောပါတယ်။
"ကျနော်တို့ မူလသတ်မှတ်တာတော့ ၂ ရက်တည်းနဲ့ ပြုလုပ်သွားဖို့ ဖြစ်ပေမယ့်လို့ ဒီကနေ့ဆွေးနွေးပွဲက ကျနော်တို့ကျန်ရစ်ခဲ့တဲ့ အခန်းကြီး ၅ ခန်းမှာ ကျနော်တို့ ၂ ခန်းပြီးသွားပြီ၊ အထူးသဖြင့် စစ်ဘက်ဆိုင်ရာကိစ္စတွေ၊ အပစ်အခတ်ရပ်စဲရေး ဆိုင်ရာကိစ္စနဲ့ အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင်ဆိုတဲ့ အခန်းတွေကို ကျနော်တို့ပြီးသွားပြီ၊ ကျန်တဲ့အခန်း ၅၊ ၆၊ ၇ ကိုကျတော့ ကျနော်တို့ မနက်ဖြန်ဆက်ပြီးတော့ ဆွေးနွေးသွားမှာဖြစ်ပါတယ်"
အပစ်ခတ်ရပ်စဲရေးမူကြမ်း ၇ ခန်းထဲက တပ်ပိုင်းဆိုင်ရာကိစ္စတွေကို ဒီနေ့ အဓိကထားဆွေးနွေးခဲ့တာဖြစ်ပြီး မနက်ဖြန်မှာတော့ ကျန်ရှိနေတဲ့ စာချုပ်မူကြမ်းအခန်းတွေကို အပြီးသတ်ဆွေးနွေးနိုင်မယ်လို့ ယူဆကြောင်းလည်း သိရပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲအကြောင်း RFA သတင်းထောက် ကိုသီဟထွန်းရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။
ဒီအတောအတွင်း ဒီမိုကရေစီနဲ့အတူ အမျိုးသားတန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ အတွက် အစိုးရဖက်က ဆက်လက် ဆွေးနွေးဖို့လက်ခံလိုက် တာသာ ဖြစ်ပြီး လာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေကျမှ ဖက်ဒရယ်စနစ်နဲ့ ပတ်သက်ပြီး ဆက်လက်ဆွေးနွေးရမှာ ဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
မြန်မာငြိမ်းချမ်းရေးစင်တာက ဒေါက်တာမင်းဇော်ဦးကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။