အစိုးရ၊ တိုင်းရင်းသားနဲ့ ပါတီများငြိမ်းချမ်းရေး ဆွေးနွေး
2014.08.18

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညိုနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင်တွေနဲ့ နိုင်ငံရေး ပါတီ ၃၄ ပါတီက ကိုယ်စားလှယ်တွေဟာ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့၊ ရွှေလီလမ်းမှာရှိတဲ့ မြန်မာငြိမ်းချမ်းရေး စင်တာမှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးကြပါတယ်။
ဖက်ဒရယ်စနစ်နဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်နေသူတွေနဲ့ တိုင်းရင်းသားတွေ အကျေအလည်ဆွေးနွေးဖို့ လိုအပ်ကြောင်း ဒီနေ့ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွ့ဲဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။
"ကျနော်ထင်ပါတယ်၊ အခုရောက်ရှိနေတဲ့အဆင့်ဟာ အတော်မြင့်မားတဲ့ အောင်မြင်မှုပါ၊ ဒါပေမဲ့လို့ ရှေ့မှာ ဒီ့ထက်ပိုပြီးတော့ သိမ်မွေ့တဲ့ နိုင်ငံရေးဆွေးနွေးပွဲ က စောင့်နေပါတယ်၊ ဒီဥစ္စာအတော် အရေးကြီးပါတယ်၊ အတော်လည်း နူးညံ့သိမ်မွေ့ပါတယ်၊ အဲဒီ့မှာ ယုံကြည်မှုရဖို့ဆိုတာ ဖက်ဒရယ်စနစ်ဟာ အစိုးရကပေးလို့ တိုင်းရင်းသားတွေရတယ်ဆိုတဲ့ အခြေအနေမျိုးပါပဲ၊ ကျနော်တို့ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ အဖွဲ့တွေရယ်၊ တိုင်းရင်းသားအဖွဲ့တွေရယ် ဘယ်လိုဖက်ဒရယ်မျိုး ကို ဖြစ်သင့်တယ်ဆိုတာ ပြန်လည်ဆွေးနွေးရမှာပါ"
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညိုနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင်တွေဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ဖို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ၃ ရက်ကြာ ဆွေးနွေးအပြီးမှာ နိုင်ငံရေးပါတီ ၃၄ ပါတီက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတာဖြစ်ပါတယ်။
ဒီနေ့ ဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု စတဲ့ နိုင်ငံရေးပါတီ ၃၄ ပါတီက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညိုနှိုင်းရေးအဖွဲ့ NCCTခေါင်းဆောင်တွေဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ဖို့ ကျန်နေတဲ့အချက်တချို့ကို လာမယ့် စက်တင်ဘာလထဲမှာ ဆက်လက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။