အမ်းမြို့နယ်က ချင်းတိုင်းရင်းသားတထောင်ကျော် ဆန်ရိက္ခာ အရေးပေါ်လိုအပ်


2020.06.17

ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒလက်ချောင်းကျေးရွာအုပ်စုက ရှမ်းကုန်းနဲ့ မင်္ဂလာဒုံရွာက ချင်းတိုင်းရင်းသား လူဦးရေ တစ်ထောင်ကျော်ကို တပ်မတော်က ဆန်သယ်ယူခွင့်ကန့်သတ်ထားတာ ခြောက်လကျော်ပြီဖြစ်လို့ အဲဒီရွာတွေမှာ ဆန်ရိက္ခာ ပြတ်လပ်နေပါတယ်။

ဆန်သယ်ခွင့် အပိတ်ခံထားရတာကြောင့် ချင်းတိုင်းရင်းသား တစ်ထောင်ကျော်ဟာ စားစရာဆန်မရှိဘဲ အရေးပေါ် ရိက္ခာလိုအပ်နေတယ်လို့ ချင်းလူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့ (CHAT)က ဆလိုင်းဝင်းမောင်က ပြောပါတယ်။

"ကျေးရွာကလူတွေက ပိတ်ဆို့ခံထားရတာ ကြာတဲ့အခါကျတော့ စားဖို့သောက်ဖို့က ဆန်တွေက မရှိတဲ့ အတိုင်းအတာကို ရောက်နေတယ်၊ ခုကရွာတွေမှာ  ဆန်လည်း ဝယ်လို့မရဘူး၊ အခုရွာတွေမှာ ငှက်ပျောသီးတွေ၊ အသီးအရွက်တွေ စားပြီးနေနေရတယ်ဗျ၊ ကျေးရွာအားလုံးနီးပါး ပိတ်ဆို့ခံထားရတယ်၊ အရေးပေါ် လိုအပ် နေတာကတော့ ရှမ်းကုန်းကျေးရွာနဲ့ မင်္ဂလာဒုံကျေးရွာ အဲမှာအဓိက လိုအပ်နေတယ်"


ရှမ်းကုန်းကျေးရွာမှာ လူဦးရေ ၆၀၀ကျော်နဲ့ မင်္ဂလာဒုံကျေးရွာမှာ လူဦးရေ ၅၀၀ကျော်ရှိတယ်လို့ ဆလိုင်းဝင်းမောင်က ပြောပါတယ်။

ဒလက်ချောင်းကျေးရွာအုပ်စုထဲမှာ ချင်းတိုင်းရင်းသားတွေ နေထိုင်တဲ့ရွာ ၃၆ရွာနဲ့ ရခိုင်တိုင်းရင်းသားတွေ နေထိုင်တဲ့ရွာ ငါးရွာလောက်ရှိပါတယ်။

ဒီကျေးရွာနှစ်ရွာကိုပဲ ဖုန်းအဆက်အသွယ်ရတာကြောင့် မြေပြင်အခြေအနေသိရပြီး အခြားကျေးရွာတွေ အခြေအနေကိုတော့ အသေးစိတ် မသိရသေးဘူးလို့ CHAT အဖွဲ့က ပြောပါတယ်။

ဒလက်ချောင်းကျေးရွာအုပ်စုဟာ အမ်းမြို့ကို ကုန်းလမ်း၊ ရေလမ်းနဲ့ သွားနိုင်ပါတယ်။ ဒါပေမဲ့ ဒီနှစ် ဇန်နဝါရီလဆန်းကစလို့ AA အဖွဲ့ကို ရိက္ခာရောက်သွားမှာ တားမြစ်တာဆိုတဲ့ တပ်မတော်ဘက်က အကြောင်းပြချက်နဲ့ ရိက္ခာသယ်ယူခွင့် နဲ့ သွားလာခွင့်တွေ ပိတ်ထားတာလို့ ဒေသခံတွေကပြောပါတယ်။

အမည်မဖော်လိုတဲ့ ရှမ်းကုန်းကျေးရွာသူ တစ်ဦးက ရွာမှာ စားစရာ ဆန်မရှိတော့ကြောင်း ပြောပါတယ်။

"ကျမတို့ ရွာဘက်ကိုဝင်တဲ့ ရေလမ်းကြောင်းလည်း ပိတ်ထားတယ်၊ ကုန်းလမ်းကြောင်းလည်း ပိတ်ထားတယ်၊ ဆန်ကဝယ်လို့မရဘူး၊ ဒီဘက်မှာက ရွာက လေးဆယ်လောက်ရှိတယ်၊ မနေ့က စာရင်းလုပ်ကြည်တော့ ချင်းရွာတွေက ၃၆ရွာရှိတယ်၊ ရခိုင်ရွာက ငါးရွာလောက်ရှိတော့ ရွာပေါင်း လေးဆယ်ကျော်ရှိတယ်၊ အကုန်လုံး စားနပ်ရိက္ခာ ပျက်နေတယ်"

ဒီကာလမှာ ဆန်ဈေးဟာ တစ်အိတ်ကို ကျပ်လေးသောင်းကျော်အထိ ဈေးပေးဝယ်ယူနေရပါတယ်။

အသွားအလာ တားမြစ်ထားတာကြောင့်လည်း ဒေသထွက် ဝါးတွေ မရောင်းနိုင်တာ၊ သီဟိုနဲ့ အခြားဒေသထွက် ပစ္စည်းတွေ ရောင်းချဖို့ခက်ခဲတာကြောင့် ဒေသခံတွေမှာ ငွေကြေးအခက်အခဲ ရှိတဲ့အပြင် အခုဆို ဝယ်စရာ ဆန်တောင် မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ရိက္ခာအရေးပေါ်  လိုအပ်နေတဲ့ ဒေသခံ ချင်းတိုင်းရင်းသားတွေကို အကူအညီပေးနိုင်ဖို့ ချင်းအရပ်ဘက်အဖွဲ့တွေ ပြင်ဆင်နေကြပါတယ်။

"အဲရွာသူရွာသားတွေစားဖို့အတွက် ဆန်ထောက်ပံ့ဖို့ရှိတယ်၊ ဒေသခံတွေ၊ ပြည်နယ်အစိုးရ၊ တစ်ခုခုနဲ့ ချိတ်ဆက်ပြီးတော့ စစ်တပ်နဲ့ ညှိနှိုင်းသွားဖို့တော့ရှိတယ်၊ တပ်က ဆန်ရောက်ဖို့အတွက် ဘယ်လို အကူအညီ ပေးမလည်းပေ့ါ၊ လူထုက ဒီအတိုင်းဆို ငတ်ကုန်လိမ့်မယ်"

ချင်း စစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီရေးနဲ့ ပြန်လည်ထူထောင်ရေးကော်မတီ RRCCI က ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေ ပြောသွားတာပါ။

ရွာတွေထဲက ချင်းလူငယ်တချို့ကတော့ ရန်ကုန်ကို ထွက်ပြေး ခိုလှုံနေတာတွေလည်း ရှိတယ်လို့ ချင်းအရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။

တပ်မတော်က ရိက္ခာသယ်ယူခွင့် ပိတ်ထားတယ်ဆိုတာနဲ့ ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ သူ့အနေနဲ့ မသိရှိသေးကြောင်း ပြောပါတယ်။

AA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ပလက်ဝမှာ စစ်ဘေးဒုက္ခသည် ၉၀၀၀ ကျော်ရှိသလို ရခိုင်ပြည်နယ်မှာလည်း ချင်းလူဦးရေ ‌ခြောက်ထောင်ကျော် ဒုက္ခရောက်နေတယ်လို့ အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာဆိုရင် မင်းပြား၊ အမ်း၊ မြေပုံနဲ့ မြောက်ဦးမြို့နယ်တွေမှာ ချင်းတိုင်းရင်းသား စစ်ဘေးဒုက္ခသည်တွေ ရှိပြီး အမ်းမြို့နယ်မှာတော့ အများဆုံးရှိတယ်လို့ ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။