ပြည်တွင်း ရိုဟင်ဂျာတွေကိုပါ ကူညီဖို့ ကုလ အရာရှိပြောကြား


2018.04.18
muslim-flee-622.jpg ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ခွာဖို့ရောက်ရှိလာကြတဲ့ မွတ်စလင်တွေကို ဂေါ်ဒူသာရ၊ မှိုဝင်ချောင်းနယ်စပ် ခြံစည်းရိုးအနီးမှာ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁ဝ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/RFA

ကုလသမဂ္ဂ ထိပ်တန်းအရာရှိတဦးက နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတွေအတွက်သာ အာရုံစိုက်မနေကြဘဲ ရခိုင်ပြည်နယ်မှာ လက်ရှိနေထိုင်လျှက်ရှိတဲ့ ကျန် ရိုဟင်ဂျာ မွတ်စလင် ၄ သိန်းခန့်ရဲ့ ဒုက္ခဆင်းရဲတွေကိုလည်း မမေ့ကြပါနဲ့လို့ မနေ့က ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Mueller အာဆူးလာ မြူးလာ က လူသားချင်းစာနာကူညီရေးကိစ္စကို ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံနယ်ခြားဒေသ နှစ်ဖက်လုံးမှာ ဆောင်ရွက်ဖို့ လိုအပ်နေကြောင်း၊ အဲဒီလူတွေဟာ ကမ္ဘာပေါ်မှာ နိုင်ငံမရှိတဲ့ အကြီးဆုံး လူသားအုပ်စုတခုဖြစ်ကြောင်း ပြော ကြားရင်း ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာတွေဟာ လူမျိုးခွဲခြားပြီး ကန့်သတ်ဆက်ဆံမှုကို ခါးသီးစွာခံစားနေ ရကြောင်း  နယူးယောက်မြို့မှာ မနေ့က ပြောကြားခဲ့ပါတယ်။ အဲဒီ ရခိုင်ပြည်နယ်က မွတ်စလင်တွေဟာ ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေး၊ နေ့စဉ်လူမှုဘဝစသဖြင့် အခြေခံကျတဲ့ အခွင့်အရေးအားလုံး ကန့်သတ်ချုပ်ချယ် ခံနေကြရတယ်လို့ သူမက ပြောပါတယ်။

Ms. Mueller မစ် မြူးလာ ဟာ မကြာခင်က ရခိုင်ပြည်နယ်ကို သွားရောက်ကြည့်ရှုခဲ့သလို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာအစိုးရခေါင်းဆောင်တွေနဲ့လည်း နေပြည်တော်မှာ တွေ့ဆုံခဲ့ သူပါ။  ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာ မြန်မာ နိုင်ငံတဝန်း အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးရရှိဖို့ အရေးတကြီးလိုအပ်ပုံကို ဆွေးနွေးခဲ့သလို လိုအပ်ရာဒေသတွေကို ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ခွင့်ရရှိရေးအတွက်လည်း ကမ်းလှမ်း တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။